မန္တလေးမြို့ရှိ  ဘုရားစေတီအချို့  ပြန်ဖွင့်ခွင့်ပေးရန် ဘုရားဂေါပကများက တိုင်းဒေသကြီးအစိုးရထံ တင်ပြထား

မန္တလေး  ၂၉  ဇူလိုင်

 

မန္တလေးမြို့ရှိ  ဘုရားစေတီများ ပြန်လည်ဖွင့်ခွင့် ပြု၊ မပြုကို ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် အစည်းအဝေး အပြီးတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

 

မန္တလေးမြို့ရှိ  အိမ်တော်ရာဘုရားအပါအဝင်  ဘုရားစေတီအချို့ကို  ပြန်ဖွင့်ခွင့်ပေးရန် ဘုရားဂေါပက များက တင်ပြထားမှုများလည်းရှိကြောင်း  သိရသည်။

 

သေချာဘာမှပြောလို့ မရသေးဘူး။ ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ အစည်းအဝေးထိုင်ပြီးရင်တော့ ထုတ်ပြန်ပေးသွားမှာပါ ဟု တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

 

အစိုးရက ဖွင့်လှစ်ခွင့်ပြုပါက မဟာမုနိဘုရားတွင် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ လက်ဆေးကန် များ ထားရှိ ထားခြင်း၊ ကိုယ်အပူချိန် အလိုအလျောက်တိုင်းတာနိုင်သော စက်နှစ်လုံးထားရှိခြင်း၊ ဘုရား ပရိဝုဏ်အတွင်း ဈေးသည်များကို လူဦးရေလျှော့ချကာ ရောင်းချစေခြင်း၊ ဘုရားဖူးပြည်သူများကို လူဦးရေအကန့်အသတ်ဖြင့်သာ ဝင်ခွင့်ပြုခြင်း စသည်တို့ကို စီမံဆောင်ရွက်ထားကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်ကျော်ဦးက  ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန်အတွက် လူစုလူဝေးဖြင့် ပြုလုပ်သော ဘာသာရေး အခမ်းအနားများအပါအဝင် ဝတ်ပြုဆုတောင်ခြင်းများကို မပြုလုပ်ရန် ဇူလိုင် ၁၇ ရက်တွင် တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားသည်။

 

ဖြိုးအိ