မန္တလေးမြို့မှာ ယာဉ်အပ်နှံခနှင့် လမ်းဘေးစျေးကောက်ခံခွင့်မှ ကျပ်သိန်း ၁၇၀၀၀ ကျော် လေလံရ

မန္တလေး ၂ စက်တင်ဘာ 

 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း ယာဉ်အပ်နှံခကောက်ခံခွင့်၊ စျေးတွင် ထီးတိုင်စိုက်ထူခွင့်၊ လမ်းဘေးစျေးကောက် ကောက်ခံခွင့်များကို စက်တင်ဘာ ၁ ရက်က လေလံစနစ်ဖြင့်ချထားပေးရာ လေလံကြေး  ကျပ်သိန်းပေါင်း ၁၇၀၀၀ ကျော်ရရှိကြောင်း မန္တလေးမြို့တော်စည်ပင်မှ သိရသည်။ 

 

မဟာအောင်မြေ ရတနာရောင်းဝယ်ရေးစခန်း၊ ဗိုလ်ချုပ်ပန်းခြံ၊ မန်းသီရိစျေး၊ ဘုရားကြီးစျေး၊ ကိုင်းတန်း စျေး၊ စျေးချိုတော်၊ မြနန္ဒာစျေး၊ အောင်သာယာစျေး၊  မြို့ဟောင်းစျေး၊ ညောင်ပင်စျေး၊ နန်းတော်ရှေ့စျေး၊ စက်မှု-၁-၂ စျေး၊ရတနာပုံစျေး၊ ရတနာပုံစျေး၊ မင်္ဂလာစျေး(ယာယီ)၊ ၄၅လမ်း မနော်ဟရီစျေး၊ မြရည်နန္ဒာစျေး၊ နန်းရတနာစျေး၊ သီရိမာလာစျေး၊ မန်းမြို့စျေး၊  ၄၁ လမ်းကုန်စိမ်းစျေး၊ မြို့တော်ပန်းစျေး၊ အေးမေတ္တာစျေး၊ ရေနီမြောင်းစျေး၊ အောင်တံခွန်စျေး၊ ဆရာစံစျေး၊ တံခွန်တိုင်စျေး၊ ကံသာယာစျေး၊ ရန်အောင်စျေး၊ သိမ်ကြီးစျေး၊ ပြည်ရန်ကျော်စျေး၊ ချမ်းအေးစည်သာစျေး၊ ရန်ကြီးအောင်စျေး၊ တောင်/မြောက်တိုက်တန်း၊ မန်းမြန်မာပလာဇာ၊ စျေးချိုပလာဇာ၊ ဘဏ်-၁၊ ဘဏ်-၂၊ ဂရိတ်ဝေါလ်၊ ၂၉လမ်း(၇၄-၇၇ကြား)၊ ၇၃လမ်း မင်္ဂလာမန္တလေး၊ ၈၆လမ်း(၃၂-၃၃ကြား)၊ ရွှေပလောင်ကြား၊ မနော်ရမ္မံကစားကွင်း၊ မြို့တော်ဥယျာဉ်တို့တွင် ယာဉ်အပ်နှံခကောက်ခံခွင့်အတွက် လေလံစနစ်ဖြင့် ချထားရာ ကျပ်   ၅၂ နေရာအတွက် ကျပ်သိန်း ၇၃၀၈ ကျော် ရရှိခဲ့ပြီး၊ ဘုရားကြီးစျေး ထီးတိုင်စိုက်ထူခွင့်အတွက် ကျပ် ၇သိန်းကျော်၊ မြို့တွင်းလမ်းဘေးစျေး ကောက်ခံခြင်းအတွက် သိန်း ၁၀၀၀၀ ကျော်ရရှိခြင်းဖြစ်ကြောင်း သိရသည်။

 

"ကိုဗစ်ကာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲမရှိစေရန် ယခုနှစ်မှာ လေလံကြမ်းခင်းစျေးကို လျှော့ချသတ်မှတ်ပေးထားပါတယ်" ဟု မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။

 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဝက်သား၊ ဆိတ်သား၊ အမဲသားရောင်းချခွင့်ကို ဩဂုတ်လ ၂၅ရက်မှ ၂၈ ရက်အထိ၊ ၂၉ ရက်နေ့မှာ ရေချိုးအိမ် သန့်စင်ခန်း အသုံးပြုခွင့်တို့ကို လေလံ စနစ်ဖြင့် ချထားခဲ့ပြီးဖြစ်ပါသည်။

 

မေသက်ထား