မန္တလေးမြို့မှာ ပထမဦးဆုံး ဖျားနာရောဂါ အခမဲ့ အထူးကုဆေးခန်း (Fever Clinic) ဖွင့်လှစ် 

မန္တလေး ၁၀ ဧပြီ

မန္တလေးမြို့မှာ ပထမဦးဆုံးသော ဖျားနာရောဂါ အခမဲ့ အထူးကုဆေးခန်း (Fever Clinic) ကို ချမ်းမြသာစည်မြို့နယ်တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ပြီး  စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်တိုင်းတွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

“ဒီအချိန်မှာ ပိတ်တဲ့တချို့ဆေးခန်းတွေက ပိတ်နေကြပြီ။ တချို့ကလည်း ဖျားတာဆိုရင်ကို ကုဖို့နည်းနည်းလေး စိုးရွံ့နေကြတယ်။ ကျွန်တော်တို့ဆီကို ဖျားလို့ကုသချင်တဲ့ လူနာတွေလာကြတယ်။ ဒီမှာဆရာဝန်တစ်ယောက် အမြဲတမ်းရှိမယ်။ အဲဒီဆရာဝန်က သူ့ကိုယ်သူလည်း ကာကွယ်မယ်။ လူနာကိုလည်း သေချာစမ်းသပ်ကုသမယ့် အစီစဉ်တွေကိုလည်း သေချာလုပ်ထားပါတယ်”ဟု မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) ကိုဗစ်-၁၉ တုန့်ပြန်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ကျော်က ပြောသည်။

 

‌ေ

 

အဆိုပါဆေးခန်းကို ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်ဆန်းလမ်း၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြားတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ဆေးခန်းကို မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး)၊ ကိုဗစ်-၁၉ တုံ့ပြန်ရေးအဖွဲ့က စေတနာ့ဝန်ထမ်းဆရာဝန် ၂၄ ဦးက အလှည့်ကျ တာဝန်ထမ်းဆောင်ပေးသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့ပြီးနောက် မန္တလေးမြို့တွင် မြို့ခံတချို့ စိုးရိမ်မှုဖြစ်ပေါ်ခဲ့ပြီး ဆေးခန်းတချို့လည်း ပိတ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ခံတစ်ဦးကလည်း “ဖျားနာကုသဆေးခန်း ဖွင့်တယ်ဆိုတာတော့ ကောင်းတာပေါ့။ ဒီရောဂါကို စကြားထဲက ဆေးခန်းသွားပြရင် ဒီရောဂါပဲအထင်ခံရမှာ စိုးလို့သွားမပြရဲဘူး။ ဖွင့်တဲ့ဆေးခန်းကျလည်း အဲ့ဆေးခန်းက ကူးလာမလားစိုးရိမ်နေရတယ်”ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖြိုးအိ