မန္တလေးမြို့၊ ကျုံးဘေးတွင် စကားပြောနေသူနှစ်ဦးထံမှ လုယက်သူများအား ဖမ်းဆီးရမိ

နေပြည်တော် ၂၇ ဇွန် 

ဇွန် ၂၆ ရက် ညပိုင်းက မန္တလေးမြို့၊ ကျုံးဘေးတွင် ထိုင်စကားပြောနေသူနှစ်ဦးထံမှ လက်ကိုင်ဖုန်း (၂) လုံး၊ နာရီ (၁) လုံး၊ ငွေစက္ကူရောရာ (၅၀ဝဝဝ) ကျပ်အား လုယက်သွားသည့် အမျိုးသား (၃) ဦးကို လုယက်ပြီး ချက်ချင်းဖမ်းဆီးရမိကာ ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြင်းခြံမြို့၊ အမှတ် (၁၀) ရပ်ကွက်နေ ပိုင်စိုးဦး (၂၅) နှစ်နှင့် သူငယ်ချင်းဖြစ်သူ အမျိုးသမီးတစ်ဦးတို့သည် အောင်မြေသာဇံမြို့နယ်၊ ၇၇ x ၇၈ လမ်းကြား၊ ၁၂ လမ်း၊ ကျုံးဘေး၌ စကားထိုင်ပြောနေစဉ် အမည်မသိအမျိုးသား လူငယ်(၃)ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ ပိုင်စိုးဦး၏လည်ပင်အား ဓားဖြင့်ထောက်၍ ၎င်းထံမှ iPhone-X အမျိုးအစား အနက်ရောင်ဖုန်း (၁) လုံးနှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူထံမှ Redmi-7 အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ လက်ပတ် နာရီ(၁)လုံး၊ ငွေစက္ကူရောရာ (၅၀ဝဝဝ) ကျပ်တို့အား လုယူခဲ့ကြောင်းခြင်းဖြစ်သည်။

၎င်းအပြင် ပိုင်စိုးဦးတို့စီးလာသည့် ဆိုင်ကယ်သော့အား ပေးအပ်ရန် ခြိမ်းခြောက်လာသဖြင့် ပေးအပ်ခဲ့ပြီး ၎င်းတို့ (၂) ဦးအား ကျုံးတစ်လျှောက် ကာရံထားသည့် သံဘောင်တန်းအားကျော်၍ ကျုံးရေပြင်ဘက်သို့သွားရန် ပြောဆိုပြီး ထွက်ပြေးမည်ပြုစဉ် လှည့်ကင်း/ရပ်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ပိုင်စိုးဦးက အကူအညီတောင်းခံခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များမှ အဆိုပါလူငယ် (၃)ဦးအား လိုက်လံဖမ်းဆီးစစ်ဆေးရာ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ အောင်ပြည့်စုံ (ခ)အောင်လေး(ခ)အောင်ကြီး (၂၂)နှစ်၊ သိုးခြံဘူတာအနီးနေ အောင်ပိုင်(၁၉)နှစ်နှင့် တရုတ်တန်း ရပ်ကွက်နေ အောင်ဇော်ထွန်း (ခ) ချန်ကြီး (ခ) ချန်ဓူးဝမ် (၂၅) နှစ်တို့ဖြစ်ကြောင်း သိရှိရပြီး အောင်မြေသာဇံမြို့နယ်၊ အမှတ်(၄)နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား