မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား ထီးတော်၊ စိန်ဖူးတော်တင်လှူပွဲ ကျင်းပမည်

မန္တလေး  ၁၅   ဇန်နဝါရီ

 

နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရားထီးတော်၊ စိန်ဖူးတော်တင်လှူပွဲကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေ မန္တလေးနန်းမြို့ရိုး၏ အရှေ့မြောက်ဘက် နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရား၌ ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

8

 

" ထီးတော်အဟောင်းက ဆွေးမြည့်ပျက်စီးနေလို့ ဒီဇိုင်းအသစ်နဲ့ ပြန်လုပ်တာပါ။ ထီးတော်တင်လှူပွဲကို အကြမ်းဖျင်းက ဖေဖော်ဝါရီလ ၆ရက်နေ့မှာ ထီးတင်ဖို့ ရက်သတ်မှတ်ထားတာပါ။အလှူရှင် မိသားစုက ဂန္ဓကုဋိတိုက်၊ စန္ဒာမုနိဘုရားရဲ့လုံးတော်ပြည့် ရွှေသင်္ကန်း၊ စိန်ဖူးတော်၊ ထီးတော်များ တာဝန်ယူ လှူဒါန်းတာ ဖြစ်ပါတယ်" ဟု နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

 

စန္ဒာမုနိရုပ်ပွားတော်အား မင်းကွန်းအနီးရှိ နန်းတော်ကျွန်းယာယီစံနန်းတော်၌ စံတော်မူနေစဉ် သွန်း လုပ်ခဲ့ကြောင်း၊ ရုပ်ပွားတော်သွန်းလုပ်ပြီးနောက် အမရပူရမြို့သို့ ပင့်ဆောင်တော်မူခဲ့ကြောင်း၊ အမရပူရမြို့မှ အင်းဝမြို့သို့ ပြောင်းရွှေ့ကိုးကွယ်တော်မူခဲ့ကြောင်း၊ အင်းဝမှ အမရပူရမြို့ စန္ဒာမုနိစေတီတော် မုခ်လိုဏ်အတွင်းသို့ ပင့်ဆောင်ကိုးကွယ်တော်မူခဲ့ကြောင်း၊ ထိုမှတစ်ဆင့် မန္တလေးမြို့ နန်းမြေဘုံသာ ယာယီစံနန်းတော်နေရာသို့ ပင့်ဆောင်ပြီး အုတ်တန်ဆောင်း ပြာသာဒ်နှင့် ကိုးကွယ်တော်မူခဲ့ကြောင်းနှင့် ကောဇာသက္ကရာဇ် ၁၂၇၅ တွင် ရသေ့ကြီးဦခန္တီ စီစဉ်ဆစ်ထု တည်ထားပြုစုခဲ့သော သုတ်၊ဝိနည်း၊ အဘိဓမ္မာ၊ အဋ္ဌကထာ၊ ဋီကာ ဓမ္မစေတီကျောက်စာများကို ကျောက်စာချပ်ရေ ၁၇၇၄ ချပ်ပေါ်တွင် ကျောက်ထက်အက္ခရာတင်ပြီး စန္ဒာမုနိဘုရား ပရဝဏ်အတွင်း စိုက်ထူပူဇော်ခဲ့ကြောင်း သိရသည်။

 

တင်ဇာလှိုင်