မန္တလေး ၈ သြဂုတ်
မြန်မာ့ရိုးရာ အိုးပုတ်ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိသောဝါခေါင်လဆန်း ၈ ရက်နေ့ သြဂုတ် ၈ ရက်နေ့ ညနေ့ပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မြောက်ပြင် အိုးဘိုရွှေကျင်ရပ်ပတ္တမြားတော ရပ်ကွက်အမှတ် ၅၂ တွင် စည်ကားသိုက်မြိုက်စွာ အစဉ်အလာမပျက် ကျင်းပကြောင်း တွေ့ရသည်။
အဆိုပါပွဲတော်တွင် မြန်မာ့ရိုးရာ ကလေးကစားစရာ အိုးပုတ်၊ ချိုးရုပ်၊ ဌက်ရုပ်များ၊ ဆီမီးခွက်စသည့် မြေထည်ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများကို တံတားဦးဒေသ၊ အင်းဝ၊ မင်းတပ်ရွာဒေသ၊ စဉ့်ထည်ပစ္စည်းများကို စဉ့်ကူး၊ ကျောက်မြောင်း၊ နွယ်ငြိမ်းဒေသနှင့် ၊ မြေအိုး၊ ပန်းအိုး ၊ရေအိုးများကို ရှိန်းမကားနှင့်၊ ခက်သင်ရွာ၊ ဒေသတို့အပြင် ၊ မြို့ရွာအနှံ့မှ လာရောက်ရောင်းချလေ့ရှိကြပြီး မြောက်ပြင် အိုးဘို ကမ်းနားလမ်း ၊ တာရိုးတစ်လျှောက်မှ ရပ်ကွက်အတွင်းလမ်း၊ ဘေးနေအိမ်များရှေ့တို့နှင့် ၊ လမ်းတစ်လျှောက်ဖွင့်လစ်ထားလျက်ရှိသော ၊ ဈေးဆိုင်တန်းများတွင် ၊ မန္တလေးမြို့နှင့် အနီးအနားကျေးရွာ ရပ်ကွက်များမှ ဒေသခံများအနယ်နယ် အရပ်ရပ်မှတောင်ပြုံးပွဲတော်လာပြည်သူများ၊ အပြန်ခရီးတွင် ဆိုင်ကယ်၊ ကားများဖြင့် အိုးပုတ်ပွဲတော်ကို သွားရောက်၍ ပွဲတော်လာပြည်သူများက မိမိတို့ကလေးငယ်၊ တူ၊ တူမငယ်များ အတွက် တစ်ညနေခင်းသာ ခင်းကျင်းရောင်းချလျက်ရှိသော မြေထည်ကလေးကစားစရာများ၊ အရုပ်စုဖူးများကို ဝယ်ယူအားပေးလျက်ရှိရာ အိုးပုတ်ပွဲဈေးတန်းမှာ တိုးမပေါက်အောင် အထူးစည်ကားလျက်ရှိပြီး ယာယီ ကလေးကစားစရာကွင်းနှင့် ခြားရဟတ်တို့၌ လည်းပွဲတော်လာ ကလေးငယ်များက ပျော်ရွှင်စွာဆင်နွှဲ ကစားလျှက်ရှိကြသည်။
ထို့အပြင် အိုးပုတ်ပွဲတော်လာ ပြည်သူများကိုလည်း လူမှု့ကူညီရေးအဖွဲ့အစည်းများကလည်း ရာသီတုပ်ကွေးရောဂါ H1N1 ဗိုင်းရပ်စ် ကူးစက်ခံရမှု့မရှိစေရန် အတွက် Mask များဖြန့်ဝေကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရသည်။
အိုးပုတ်ပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်၌ တစ်ညနေခင်းသာ ခင်းကျင်းရောင်းချလေ့ ရှိပြီး အိုးပုပ်ပွဲတော်သို့ မန္တလေးအနီးဝန်းကျင်မှ စိတ်ဝင်စားသူများ၊ ဒေသခံပြည်သူများက တစ်နှစ်တွင်တစ်ရက် ၊ တစ်ရက်တွင် တစ်ညနေခင်းသာ စဉ်ဆက်မပြတ် စည်ကားစွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
တင်မောင် (မန်းကိုယ်ပွား)


