မန္တလေးစက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ရာနှုန်းပြည့်နီးပါး ပြည်လည်ဖွင့်လှစ်

မန္တလေး ၁၆ ဇွန်

 

ကိုဗစ်ရောဂါကြောင့် ယာယီရပ်နားခဲ့သော မန္တလေးစက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ရာနှုန်းပြည့်နီးပါး ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်ရောဂါကြောင့် ယာယီရပ်နားခဲ့သော မန္တလေးစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများအား သက်ဆိုင်ရာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြကာ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“မန္တလေးစက်မှုဇုန်မှာ စက်ရုံ၊ အလုပ်ရုံ ရာနှုန်းပြည့်နီးပါး ပြန်လည်ဖွင့်လှစ်နေပါပြီ၊ ပူးပေါင်းအဖွဲ့များဖြင့် ပြန်လည်ဖွင့်လှစ်ဖို့တင်ပြခဲ့တဲ့ စက်ရုံ၊ အလုပ်ရုံအားလုံးကိုလည်း စစ်ဆေးပြီးပါပြီ၊ ဘီအဆင့်ရရှိခဲ့သော စက်ရုံ၊ အလုပ်ရုံများကိုလည်း ပြန်လည်တင်ပြလာတဲ့အတွက် ပြန်လည်စစ်ဆေးကာ ပြည့်စုံမှုရှိတဲ့အတွက်  ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ပါပြီ၊ အားလုံးနီးပါးကိုတော့ မေလကုန်/ဇွန်လဆန်း လောက်မှစတင်ပြီး ပြန်လည်ခွင့်ပြုပေးလိုက်တာပါ၊ ခုဆိုရင် ရာနှုန်းပြည့်နီးပါး လည်ပတ်နေပါပြီ”ဟု မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။

 

မန္တလေးစက်မှုဇုန်အတွင်းရှိ အသေးစား၊ အလတ်စား၊ အကြီးစား စက်ရုံအလုပ်ရုံပေါင်း (၁၁၈၀)ရှိပြီး အလုပ်သမားဦးရေ (၁၇၀၇၃)ဦးရှိကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၏ မှတ်ပုံတင်စက်မှု လုပ်ငန်းစာရင်းအရ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)