မန္တလေးစက်မှုဇုန်၊ အရက်ချက်စက်ရုံတစ်ခုမှ ပင်မရေဆိုးထုတ်ပိုက်လိုင်းသို့ ဆက်သွယ်ထားသော ပိုက်လိုင်းပေါက်၍ နီးစပ်ရာရပ်ကွက်နှင့်လမ်းများ ရေလျှံခဲ့ရာ ပြင်ဆင်ပြီးစီး

မန္တလေး ၆ ဇွန် 

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်ရှိ အရက်ချက်စက်ရုံတစ်ခုမှ ပင်မရေဆိုးထုတ် ၁၀ လက်မပိုက်လိုင်းနှင့် ဆက်သွားထားသည့် ၃ လက်မ ပိုက်လိုင်းပေါက်သဖြင့် ဇွန် ၆ ရက်က နီးစပ်ရာ ရပ်ကွက်နှင့် လမ်းများပေါ် ရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ပြင်ဆင်ခြင်းနှင့် မြေဖို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပိုက်လိုင်း ပေါက်ခြင်းကြောင့် ရပ်ကွက်နေပြည်သူများမှ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ အကြောင်းကြားခဲ့ရာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၀င် ဦးစောဟန်နှင့် တာဝန်ရှိသူများ၊ ရေနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့သည်ဟု ပြည်ကြီးတံခွန် မြို့နယ်(ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်က ပြောသည်။

 

“စည်ပင်သာယာက တာဝန်ရှိသူတွေက ရေ၀င်တာတွေ လာရောက်ကြည့်ရှုခဲ့ပြီး အရက်ချက်စက်ရုံကနေ သူတို့စွန့်ထုတ်တဲ့ ၃ လက်မပိုက်လိုင်းကို ပြန်လည်ပြင်ဆင်ပေးတယ်။ တချို့အိမ်မှာ ရေ၀င်တယ်၊ ရေ၀င်တဲ့ နေရာတွေကို ကျောက်မှုန်တွေချတာ မြေဖို့ပေးတာလုပ်ပေးရာမှာ ပြီးသွားပါပြီ”ဟု ၎င်းကပြောသည်။

 

ပိုက်လိုင်းပေါက်ထွက်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရက်ကွက်၊ မင်္ဂလာလမ်းနှင့် ရတနာလမ်း၊ ၆၇ လမ်းတို့တွင် ရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အရက်ချက်စက်ရုံမှ ပိုက်ပေါက်ထွက်မှုပြင်ဆင်ခြင်း၊ ရေ၀င်နေရာများတွင် မြေဖို့ခြင်း၊ ကျောက်ချပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စက်မှုဇုန်မှ စက်ရုံ ၂၄ ရုံသည် ပင်မရေဆိုးထုတ် ၁၀ လက်မပိုက်လိုင်းမှတစ်ဆင့် ညအချိန်တွင် ရေဆိုးစွန့်ထုတ်နေကြောင်း သိရသည်။

 

စက်မှုဇုန်အတွင်းရှိ စက်ရုံများမှ ရေဆိုးများကို စွန့်ထုတ်ခြင်းဖြစ်ပြီး စက်ရုံများအနေဖြင့် ညနေ ၆ နာရီမှ နံနက် ၅ နာရီအတွင်း စွန့်ထုတ်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ သတ်မှတ်ပေးထားပြီး လိုက်နာခြင်းမရှိပါက ပင်မပိုက်လိုင်းမှ ရေဆိုးစွန့်ထုတ်ခြင်းကို ပိတ်သိမ်းသွားမည်ဟု သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)