မန္တလေးဆေးရုံးကြီးတွင် ပြင်ပလူနာဌာနရှိ အမှိုက်ပုံးထဲမှ မွေးကင်းစကလေးအလောင်းတွေ့

မန္တလေး ၂၀ ဇွန်လ 

 

မန္တလေးဆေးရုံကြီး၌ ပြင်ပလူနာဌာနရှိ အမှိုက်ပုံးထဲမှ မွေးကင်းစကလေးအလောင်းကို ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက စည်ပင်အမှိုက်သိမ်းလုပ်သားမှ အမှိုက်ရှင်းနေစဉ် တွေ့ရှိခဲ့သဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။ 

 

အဆိုပါဌာနမှ အမှိုက်ပုံးအား စည်ပင်အမှိုက်သိမ်းယာဉ်မှ အမှိုက်သိမ်းရန်အတွက် အမှိုက်သိမ်းလုပ်သားမှ အမှိုက်များယူစဉ် မွေးကင်းစကလေးအလောင်းတွေ့ရှိကြောင်း သတင်းအရ ချမ်းအေးသာစံမြို့မရဲစခန်းတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

"မွေးကင်းစကလေးအလောင်းတွေ့တာ ဟုတ်ပါတယ်။ သေဆုံးနေတဲ့ကလေးငယ်က မိန်းကလေးပါ စခန်းမှာ အမှုဖွင့်ထားပါတယ်။ " ဟု ချမ်းအေးသာစံမြို့မရဲစခန်းမှ စခန်းမှူးက ပြောသည်။

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မွေးကင်းစကလေးအလောင်းအား စွန့်ပစ်ထားသူကို ချမ်းအေးသာစံမြို့မရဲစခန်းတွင် (ပ)၅၄၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

သူရိန်လင်း