မန္တလေးဘူတာကြီးသို့ ရထားမဆိုက်ရောက်မီ လမ်းခုလတ်များ၌ ခရီးသည် ဆင်းသက်မှုမရှိစေရေး လုံခြုံရေးစောင့်ကြပ်မှုများ ဆောင်ရွက်လျက်ရှိ

မန္တလေး  ၁  မေ

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ရောဂါကူးစက်မှုရှိသည့် ဒေသများမှ မန္တလေးမြို့သို့ ရောက်ရှိလာသူများကို သတ်မှတ်နေရာများတွင် Quarantine ထားရှိရန် အမိန့်ထုတ်ပြန်ထားရှိရာ အဆိုပါအမိန့်ကို ရှောင်ရှားနိုင်ရန်အတွက် မီးရထားခရီးစဉ်များဖြင့် လိုက်ပါလာသည့် ခရီးသည်အချို့မှာ မန္တလေး ဘူတာကြီးသို့ ရထားမဆိုက်ရောက်မီ လမ်းခုလတ်နေရာများ၌ ခုန်ချဆင်းသက်မှုဖြစ်စဉ်များ ဖြစ်ပွားနေကြောင်း သတင်းများအရ တာဝန်ရှိသူများက လုံခြုံရေးစောင့်ကြပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ လုံခြုံရေးစောင့်ကြပ်မှုများကို ဧပြီ ၃၀ ရက် နံနက် ၁၀နာရီခန့်တွင် မန္တလေးဘူတာသို့ ဆိုက်ရောက်မည့် အမှတ်(၄၂)အစုန် မြစ်ကြီးနား-မန္တလေး ရထားနှင့် အမှတ်(၃)အဆန် ရန်ကုန်-မန္တလေး ရထားများ ဘူတာကြီးသို့ မဝင်ရောက်မီ သံလမ်းတစ်လျှောက် ၃၄လမ်း၊ ၃၅ လမ်း၊ ၃၆ လမ်း အထိ ရထားလမ်းဘေး ဝဲ/ယာ၊ အတက်/အဆင်း ပြုလုပ်မှု မရှိစေရေးအတွက် လုံခြုံရေး စောင့်ကြပ်မှုများ ပြုလုပ်ခဲ့ကြသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် ရထားရဲတပ်ဖွဲ့ခွဲမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ ကြီးကြပ်မှုဖြင့် အမှတ်(၈) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရထားရဲတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြင့် လည်းကောင်း၊ ယူနီဖောင်းများဖြင့် လည်းကောင်း အဖွဲ့များခွဲကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပါဝင်သည့်ပူးပေါင်းအဖွဲ့များဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ရာ ရထားပေါ်မှခရီးသည်များ အတက်/ အဆင်း ပြုလုပ်မှု မရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)