မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် အထက်မြန်မာပြည် နှလုံးအထူးကုစင်တာဖွင့်လှစ်ထားရှိ

မန္တလေး ၁  ဧပြီ 

နှလုံးရောဂါလူနာများအား အရည်အသွေးပြည့်မီသော နှလုံးကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်နှင့် နောက်ဆုံးပေါ်ခေတ်မီကုထုံးနည်းပညာများနှင့် ပေါင်းစပ်၍ နိုင်ငံတကာ စံချိန်မီနှလုံးအထူးကုစင်တာဖြစ်စေရန် ရည်ရွယ်၍ အထက်မြန်မာပြည်နှလုံးအထူးကုစင်တာကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ နှလုံးအထူးကုဌာန (၈)ထပ် တိုးချဲ့အဆောင်သစ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လနောက်ဆုံးအပတ် က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထက်မြန်မာပြည်နှလုံးအထူးကုစင်တာကို မူလ(၅)ထပ်ဆောင်မှ အလျားပေ(၈၀)၊အနံပေ(၄၀)၊ အမြင့်(၁၁၁.၂)ပေရှိ တိုးချဲ့(၈)ထပ်ဆောင်အဖြစ် မတ်လ ၂၀ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ကျပ်သိန်း(၅၇၀ဝ) မတည်အလှူရှင် ဦးသန့်+ဒေါ်ချစ်ချစ်(မြင့်မြင့်ခင် ထိုးမုန့်) မိသားစုနှင့် အများပြည်သူစုပေါင်းထည့်ဝင်ငွေများဖြင့် စုစုပေါင်း ကျပ်သိန်း(၁၆၀ဝ၀) ခန့် အကုန်အကျခံ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

‌ေ

 

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး နှလုံးအထူးကုဌာနသည် အရည်အသွေးပြည့်မီသော နောက်ဆုံးပေါ် ခေတ်မီကုထုံးနည်းပညာများဖြင့် နှလုံးကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ၊နှလုံးကျန်းမာရေးနှင့်ပတ်သက်သည့် လူထုအသိပညာပေးလှုပ်ရှားဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိရာ အရေးပေါ် နှလုံးသွေးကြောချဲ့ကုထုံးကို မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်တွင် ပထမဆုံး စတင်ကုသမှုပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ လူနာပေါင်း(၉၉၀) ကို ကုသမှုပေးနိုင်ခဲ့သည်။

ထို့သို့သော စွမ်းဆောင်မှုများကြောင့် ၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရတနာပုံကျန်းမာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ထူးဆောင်လက်မှတ်၊ ၂၀၁၉ ခုနှစ်တွင် ဉရောပနှလုံးရောဂါအဖွဲ့ မှ Gold Award ရွှေတံဆိပ်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)