မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ Heat Stroke (အပူရှပ်)လူနာ နှစ်ဦး တက်ရောက်ကုသ

မန္တလေး ၃  မေ

 

မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ အပူရှိန် လွန်ကဲမှုနှင့်အတူ အပူဒဏ်ကြောင့်ဖြစ်ပွားသည့် Heat Stroke (အပူရှပ်)လူနာ နှစ်ဦး တက်ရောက်ကုသမှုခံယူခဲ့ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုးက ပြောကြားသည်။

 

အဆိုပါလူနာနှစ်ဦးမှာ အသက် ၆၇ နှစ်နှင့် ၇၄ နှစ်အရွယ်ရှိ အမျိုးသမီးများဖြစ်ကြပြီး မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်နှင့် မြင်းခြံမြို့တို့မှ လွန်ခဲ့သည့် တစ်ပတ်ခန့်က လာရောက်ကုသမှု ခံယူကြသူများဖြစ် ကြောင်း သိရသည်။

 

'' အပူရှိန်လွန်ကဲမှုကြောင့် ကျွန်မတို့ ဆေးရုံကြီးကို ကုသမှုခံယူဖို့ ရောက်လာတဲ့ လူနာတွေကို အပူဒဏ်ကြောင့် ဖြစ်ပွားတဲ့ Heat Stroke ရောဂါဟုတ်၊ မဟုတ်ဆိုတာကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ သေချာအောင် အရင်ဆုံး စစ်ဆေးကုသမှုတွေ လုပ်ပြီးမှ ရောဂါအမည်ကို သတင်းထုတ်ပြန်ပေးပါတယ်။ ကျွန်မတို့ ဆေးရုံကြီးကို ရောက်ရှိလာတဲ့ လူနာတွေအနက် လက်ရှိ လူနာ နှစ်ဦးပဲ Heat Stroke ရောဂါဖြစ်ပွားတာ တွေ့ရှိပါတယ်။ ဒီနေ့မှာ ပြန်လည်ကျန်းမာပြီး ဆေးရုံက ဆင်းသွားကြပါပြီ '' ဟု ၄င်းက ပြောသည်။

 

ယခုနှစ်နွေရာသီတွင် မန္တလေးမြို့၏ အပူချိန်မှာ မြင့်မားနေသည့်အတွက် အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သည့် လူနာများရောက်ရှိလာပါက အချိန်မီကုသမှုပေးနိုင်ရန် မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဧပြီဒုတိယအပတ်အတွင်းက ကာကွယ်တာဆီးထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီကို အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းကာ လိုအပ်သော ကုသမှုအပိုင်းများအတွက် ကုသဆောင်များ၊ ဆေးဝါးနှင့် ခေတ်မီစက်ကိရိယာများ၊ အထူးကုဆရာဝန်ကြီးများအပြင် ရေခဲစက်များ၊ ပရဟိတ အဖွဲ့များနှင့် ချိတ်ဆက်ကာ ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)