မန္တလေးအနောက်မျက်နှာ တံခါးနှစ်ပေါက်

မန္တလေးကျုံးအနောက်မျက်နှာရှိ ကြေးမုံတံခါးကို မန္တလေးသားတွေ ဒီနေ့အထိ ခေါ်ဝေါ်နေတာက "အာဠဝီတံခါး’’  ဟူ၍ဖြစ်၏။ အမရပူရမြို့ဟောင်းတွင် တွင်ကျယ်နေသော အမည်ဖြစ်သဖြင့် အမရပူရမှ မန္တလေးသို့ ပြောင်းလာသူတွေအဖို့ နှုတ်ကျိုးနေကြခြင်း ဖြစ်ပေသည်။

 

အာဠဝီစီလမ်း

 

"ကြေးမုံတံခါး’’ က နန်းမြို့ရိုးအနောက်မျက်နှာ တောင်ဘက်အစွန်တွင်ရှိသည်။ သစ်တောဝန် မင်းကျော်မင်းလှစည်သူ ကြီးကြပ်တည်ဆောက်၏။ မိတ်တံခါး "ဂဗ္ဗေ’’ ဟူသော ဓာတ်သက်နံသင့် အက္ခရာကိုယူ၍ "ကြေးမုံ’’ တံခါးဟု သမုတ်သည်။ ကြေးမုံတံခါးမှသည် ကျုံးကို ကျုံးကူးတံတားဖြင့် ကူးဖြတ်ထား၏။ တံတားများ၏ ဟိုဘက်ထိပ်၊ သည်ဘက်ထိပ်များကို အုတ်အင်္ဂတေဖြင့် ခိုင်မာစွာ တည်ဆောက်ထားနိုင်ပြီး ထုံးဖွေးဖွေး ခြယ်သထားသည်။

 

ထိုအုတ်တံတားတွင် တံတားလက်ရန်းနှင့်တကွ မုခ်တိုင် ခုနစ်တိုင်ကျစီ တစ်ဖက်တစ်ချက်၌ရှိသည်။ အုတ်တံတိုင်း နှစ်ခုက ကျုံးဘက်တဖြည်းဖြည်း မြင့်တက်သွားကြပြီး ကျုံးအလယ် ရောက်ကာမှ ကွက်လပ် ကျန်သွားတော့သည်။ ထိုကွက်လပ်ကား ဖြုတ်၍ တပ်၍ အလွယ်တကူရနိုင်သော တံတားနင်းကြမ်းအရှင်ဖြင့် ဆက်စပ်ထားတော့၏။ နင်းကြမ်းနှင့် လက်ရန်းတိုင်များကို ကျွန်းသစ်ဖြင့် ဆောက်လုပ်ကာ ဟင်္သာပြဒါးရောင် သုတ်လိမ်းထားလေတော့သည်။

 

အာဠဝီတံခါးခေါ် ကြေးမုံတံခါးနှင့်တည့်တည့် အနောက်ဘက် ဧရာဝတီမြစ်အထိ ပေါက်သော လမ်းဖြောင့်ကြီးသည် "စီ’’လမ်းဖြစ်၏။ (၂၂-စီ)လမ်းဟု မန္တလေးသားတို့ သိကြသည်။ ထို့အတူ အာဠဝီစီလမ်း ဟူ၍လည်း ခေါ်ဝေါ်ကြသေးသည်။

 

ကြေးမုံတံခါး

 

တကယ်တော့ အာဠဝီစီလမ်းသည် ပဒေသရာဇ် ရှင်ဘုရင် လက်ထက်က "အမင်္ဂလာလမ်း’’ ဖြစ်ခဲ့၏။ အာဠဝီတံခါးခေါ် ကြေးမုံတံခါးသည်ပင် "ဂဗ္ဗေ’’ ဟူသည့် ဓာတ်သက်နံသင့် အက္ခရာယူသော်လည်း တစ်နည်းအားဖြင့် နန်းမြို့တွင်းမှ သေသောသူတို့ကို ထုတ်ဆောင်ရာ အမင်္ဂလာတံခါးဖြစ်သောကြောင့် ၎င်းတံခါးမှ ဝင်ထွက်သွားလာ မကြာမကြာကြုံတွေ့ ရသောသူများသည် မရဏနုဿတိ ကမ္မဋ္ဌာန်းကို မှန်ကြေးမုံပြင်ကဲ့သို့ အာရုံပြုကြည့်ရှုကြကုန်လော့ဟု သတိပေးသော အထိမ်းအမှတ်ဖြင့် "ကြေးမုံ’’ တံခါးဟု သမုတ်ခဲ့ခြင်းလည်းဖြစ်သည်။

 

နန်းမြို့အတွင်းတွင် ဒင်္ဂါးစက်ရုံတော်၊ တောင်ဘက်ကပ်လျက်တွင်မူ သင်္ချိုင်းတော်များရှိပါ၏။ ထိုသင်္ချိုင်း တော်များတွင် ပဉ္စမသင်္ဂါယနာတော်တင် မင်းတုန်းမင်းတရားကြီး၊ ရွှေဘိုမင်းတရား၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး၊ သီပေါမင်း၏ မယ်တော်လောင်းရှည်မိဖုရားကြီးနှင့် ဆင်ဖြူမရှင်မိဖုရားကြီးတို့၏ ဂူဗိမာန်ကြီးများ ရှိသည်။ ထို့ပြင် မြောက်ဥယျာဉ်တော် ရွှေပြည်ဥယျာဉ်ကွက်အတွင်းတွင် တောင်မိဖုရားခေါင်ကြီးသင်္ချိုင်း တော်ရှိသလို သစ်တပ် အနောက်မြောက်ထောင့်တွင်လည်း မြောက်နန်းမတော် မိဖုရားသင်္ချိုင်းတော် တစ်ခုရှိသည်။ ကျန်ရှိသည့် မင်းညီမင်းသား၊ မှူးကြီးမတ်ရာ သေနာပတိများ၏ သင်္ချိုင်းတော်သည် အာဠဝီလမ်းအတိုင်း အနောက်ဆင်းသောအခါ ရွှေတချောင်း မြောင်းအလွန် မြစ်ဆိပ် အကြားတွင် အသီးသီးရှိခဲ့ကြ၏။

 

မနှင်းဆီရထား

 

အာဠဝီစီလမ်း၏ ရွှေတချောင်းမြောင်းကူးသစ်သား တံတားကြီးမှာ ဇရပ်ကြီးနှစ်ဆောင်ပါရှိ၏။ ကျွန်း၊ ပွတ်လုံး၊ လက်ရန်းတိုင်ကြီးများပင်ပါရှိသည်။ လွန်ခဲ့သော နှစ် ၂၀ ကျော်ကာလ လမ်းတိုးချဲ့သောအခါ ရှေးဟောင်းဇရပ်ကြီးများကို ဖျက်သိမ်းလိုက်ကြသည်။ ရွှေတချောင်းမြောင်းပေါင်ပေါ်တွင် မတ္တရာသွားမီးရထား လမ်းကလေး ရှိခဲ့ဖူးသည်။ မန္တလေး-မတ္တရာသွား မီးရထားဘူတာလေးက ၂၆-ဘီလမ်းနှင့် ရွှေတချောင်း မြောင်း ပေါင်မှာရှိသည်။ ထိုနေရာတွင် ရွှေတချောင်း လှေဆိပ်ရှိ၏။ မီးရထားက မစ္စတာမနက်ဂျီခေါ် ကုလား သူဌေးပိုင်သည်။ မြန်မာများက "မနှင်းဆီရထား’’ ဟု ခေါ်တွင်ခဲ့ကြ၏။ ဘူတာလေးအနီးတွင် "ဆိုင်ဒူခန်း’’ ခေါ်သည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိသည်။ လက်ဖက်ရည်တစ်ခွက်သုံးပြား၊ ယင်းလက်ဖက်ရည်ဆိုင်တွင် "မြို့မဗုဒ္ဓဝေယျာဝစ္စတူရိယာအသင်း’’ သားများ ထိုင်တတ်သည်။ မြို့မအသင်းသားများက အနောက်နား ဆိုင်းတန်းရပ်ရှိ ဧရာဝတီစာရေးကြီး ဦးမြသိန်းအိမ်မှာ အမြဲတမ်းစတည်းချကြသည်။ "မနှင်းဆီရထား’’လေးသည် အာဠဝီစီလမ်းမရောက်မီ (ယခု ၈၄-လမ်းနှင့် ၂၃-လမ်းထောင့်၊ မေမန်းဝင်းကြီး)တွင် ရထားစက်ခေါင်းရေ ဖြည့်သည်။ တစ်ခါတစ်ရံ မီးပေါင်မတက်သဖြင့် စီလမ်း-သင်္ချိုင်းတော်တံတားအတက်ကို ခရီးသည်များက ဆင်းတွန်းကြရသည်။ တောင်ပြုန်းပွဲတော်အခါများဆိုလျှင် ရွှေတချောင်းတွင် လောင်းလှေ နှစ်စင်းတွဲ၍ ရေခင်းသံမြိုင်မြိုင်ဖြင့် နတ်ပွဲသွားကြသူများကို အာဠဝီစီလမ်း သင်္ချိုင်းတော်တံတားပေါ်မှ ကြည့်ရှုကြရသေး၏။ ရွှေတချောင်း အနောက်ဘက်ကမ်း စီလမ်းဘေးတွင် သီပေါမင်းသား အပါအဝင် မင်းညီ မင်းသားများ ပညာသင်ခဲ့ကြသည့် ဒိုင်အိုသံတဲကျောင်း တော်ကြီးရှိသည်။ ၎င်းကျောင်းတော်ကြီးကို ၁၂၃၁ ခု၊ နတ်တော်လပြည့်ကျော် ၁၁ ရက် (၄-၆-၁၈၆၉) ရက်နေ့တွင် ဆောက်လုပ်ပြီးစီးသည်။

 

အာဠဝီစီလမ်းပေါ်က ကျောက်စာ

 

သင်္ချိုင်းတော်တံတားသည် ရွှေတချောင်းကိုဖြတ်ပြီးနောက် သံတဲကျောင်းကြီး မြောက်ဘက်တွင် အုတ်တံတားမြင့်ကြီးဖြစ်၏။ အုတ်တံတားကြီးမြောက်ဘက်တွင် ကျွန်းသားဇရပ်ကြီးများလည်း ရှိသည်။ ၎င်းတံတား များနှင့်အတူ ဇရပ်ကြီးများကို လှေသင်းအတွင်းဝန်မင်းက ဆောက်လုပ်ခဲ့၏။ မှတ်တမ်းအဖြစ် အာဠဝီစီလမ်းပေါ်တွင် ကျောက်စာတစ်မျက်နှာတစ်တိုင် စိုက်ထူ ထားခဲ့လေသည်။ ကျောက်စာတွင် ရွှေတချောင်းကူး တံတားဦးဇရပ်နှင့်တကွ အနောက်ကို သွပ်မိုး၊ ပျဉ်ခင်း၊ ဝဲယာတံတားခန်းရေ ၁၆၄ ၊ မြောင်းအကူးမှ အနောက်မြေမြို့ရိုး အရောက်၊ ထိုမှတစ်ဖန် တောင်ချိုးကာ ပိုက်ကျုံးအရောက် ၆၇၇ တာ၊ ကျောက်လမ်းတံတားကြီးမှစ၍ ပုဏ္ဏားကုန်းသုသာန်တွင် အတွင်းဝန်မင်းအဘ အလောင်းသင်္ဂြိုဟ်ရာ ပျဉ်ဇရပ်တစ်ဆောင်၊ အတွင်းဝန်ကတော် အမိရှေ့ဝန်မှူးကတော် သင်္ဂြိုဟ်ရာ အုတ်ဇရပ်တစ်ဆောင်နှင့် သုသာန်မြေအကာအရံ တံတိုင်းမီးတားများကို ၁၂၄၄ ခုမှ ၁၂၄၇ ခုအထိ ဆောက်လုပ်ခဲ့ကြောင်း ကမ္ပည်းထိုးမှတ်ရေးသားခဲ့လေသည်။

 

ရှေးဟောင်း ကျွန်းဇရပ်ကြီးများ

 

ယခုအခါ ထိုဇရပ်ကြီးများလည်းမရှိတော့ပြီ။ သင်္ချိုင်းတော်လည်း မရှိတော့ပြီ။ အတွင်းဝန်မင်းအမိ၊ အဖဟူသည် မင်းကြီးမင်းလှမဟာဇေယျသင်္ကြန်မြို့သစ်အတွင်းဝန်မင်းဦးဘီ၏ အမိအဖ ဖြစ်၏။ ၁၉၉၀ ကျော်အထိ ၎င်းဇရပ်ကြီးများ၊ ဂူဗိမာန်ကြီးများ ရှိသေးသည်။ ကနုတ်ပန်းနှင့် ကျွန်းတိုင်ကြီးများ၊ ထောင့်ပန်းနှင့် ရွှေပိန်းချ မျက်နှာကြက်များ၊ အမွမ်း အပြောက်များ၊ ပန်းတောင်ပန်းဆွဲများနှင့် ဧရာမဇရပ်ကြီး များဖြစ်သည်။ နောက်တော့ အဖိုးတန် ရှေးဟောင်း ကျွန်းဇရပ်ကြီးများ၊ ဂူဗိမာန်များကို ဖျက်သိမ်းကာ လမ်းနံဘေး လူမြင်ကွင်းရှိ ယောမင်းကြီး ဂူဗိမာန်တစ်ခုသာ ဟန်ပြထားကာ ထိန်းသိမ်းလေဟန်ဆောင်ခဲ့သည်။ ကျန်သင်္ချိုင်းတော် နေရာများက အထပ်မြင့်အိမ်ရာများ အသွင်ပြောင်းခဲ့သည် မဟုတ်ပါလား။ နောက်ထပ် သမိုင်းမသိသူတို့က ကျုံးအနောက်ဘက်မျက်နှာ အလယ်တည့်တည့်ရှိ "စည်ရှည်’’၊ ဓာတ်တံခါးက ရှေးဟောင်းတံတားကြီးကို "အာဠဝီ’’ ခေါ် "ကြေးမုံ’’ တံတား၏ အမင်္ဂလာတံတားဟူသော ဖြစ်ရပ်နှင့် လွဲမှားကာ ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာ၂၈ရက်က အစအနမကျန် ဖျက်ဆီးမြေမြှုပ်သင်္ဂြိုဟ်ပစ်လိုက်ကြကုန်၏။ ။

 

ဆူးငှက်