မန္တလေး ၁၃ နိုဝင်ဘာ
နန်းရှေ့စက်ဘီးစီးအသင်း (Nanshae Cyclist Association) အသင်းမှ အသင်းသူအသင်းသားများ စုပေါင်းထည့်ဝင်လှူဒါန်းသည့် တတိယအကြိမ်မြောက် ဘုံကထိန်ကို ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်များတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မြင်းလှည့်တောင်တွင် ခင်းကျင်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အသင်းသူအသင်းသားများသည် မန္တလေးမြို့မှ ၅၂ မိုင်ကွာဝေးသည့် မြင်းလှည့်တောင်သို့ စက်ဘီးများစီးနင်းကာ သွားရောက်ကြမည်ဖြစ်သည်။ အသင်းသားများသည် စုရပ်နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်တိုက်တွင် စုစည်းပြီး စစ်ကိုင်းမြို့၊ စစ်ကိုင်းမြို့မှ မင်းဝံတောင်ခြေတွင်ရှိ ခရိုင်ချင်းဆက်လမ်းအတိုင်း စီးနင်းကြမည်ဖြစ်သည်။ ရှိမ္မကားရွာတွင် နံနက်စာစားသုံးရန် စီစဉ်ထားပြီး ယင်းမှ မြင်းလှည့်တောင်အထိ ဆက်လက်စီးနင်းကြမည် ဖြစ်သည်။
လိုက်ပါစီးနင်းကြသူများအနေဖြင့် အသင်းမှ ခေါင်းဆောင်မှုကို ခံယူရမည်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် သီခြားခွဲထွက်စီးနင်းခြင်း၊ အရက်သေစာသောက်စားခြင်း လုံးဝခွင့်မပြုလုပ်ရန်၊ ခရီးစဉ်တစ်လျောက်တွင်ရှိ ကျေးရွာများမှ ဘာသာရေးအရ၊ ရိုးရာအရ ယုံကြည်မှုများကို စော်ကားသည့် အပြုအမူများ လုံးဝမလုပ်ဆောင်ရန်၊ အခြားသောခရီးသွားများနှင့် ရောထွေးမှုမရှိစေရန် အသင်းမှ သတ်မှတ်ထားသော တူညီဝတ်စုံများကိုသာ ဝတ်ဆင်စီးနင်းရန် သတ်မှတ်ထားကြောင်း သိရသည်။ ဆက်လက်စီးနင်းရန် အခက်အခဲရှိသူများ ရှိလာပါက စက်ဘီးတင်ရန်နှင့် လူစီးရန် စက်ဘီးစီးအဖွဲ့၏ နောက်ဆုံးမှ Light Truck မော်တော်ယာဉ်တစ်စီး လိုက်ပါရန်လည်း စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ မြင်းလှည့်တောင် ဒေသမှာ ဧရာဝတီမြစ်ဘေးတွင် တည်ရှိပြီး ဧရာဝတီလင်းပိုင်များ ကျက်စားရာ နယ်မြေဖြစ်သဖြင့် လင်းပိုင်လေ့လာရင်း ရေကြောင်းခရီးဖြင့် ပြန်ကြမည်ဖြစ်သည်။
"ကျွန်းတော်တို့ အသင်းက (၄)လတစ်ကြိမ် အသင်းသားတွေ စုပေါင်းထည့်ဝင်ငွေနဲ့ အလှူအတန်းတွေလုပ်ဖြစ်ပါတယ်။ သွားရောက်လှူဒါန်းတဲ့အခါမှာလည်း ကိုယ်လက်ကြံ့ခိုင်ရေးနဲ့ ကျန်းမာရေးအထောက်အကူဖြစ်အောင် စက်ဘီးတွေနဲ့ဘဲ သွားရောက်လှူဒါန်းကြပါတယ်။ အသင်းသူ၊ အသင်းသားတွေ ဗဟုသုတတိုးပွားရအောင် အခါအားလျော်စွာ သင်တန်းများပေးခြင်း၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ စကားဝိုင်းဆွေးနွေးပွဲများ စီစဉ်ပေးခြင်းတွေ ပြုလုပ်ပါတယ်။ အသင်းလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စနစ်တကျရှိစေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတွင် တရားဝင်မှတ်ပုံတင်ပြီး ဆောင်ရွက်တဲ့ ပထမဆုံးစက်ဘီးအသင်းဖြစ်ပါတယ်"ဟု အသင်းဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောသည်။
အေးမြ(မန္တလေး)


