မန္တလေး ကုန်စည်ဒိုင်ပိတ်ထားသော်လည်း ပဲ၊နှမ်းဈေးကွက်၌ နေ့စဉ်အရောင်းအဝယ်ရှိနေ

မန္တလေး ၂၉ ဧပြီ

 

မန္တလေး ကုန်စည်ဒိုင်ပိတ်ထားသော်လည်း ပဲ၊နှမ်းဈေးကွက်၌ နေ့စဉ်အရောင်းအဝယ် ရှိနေကြောင်း ပဲ၊ နှမ်းကုန်သည် အချို့ထံမှ သိရသည်။

 

ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းက အသင်းသားများအတွက် ဖွင့်လှစ်သော Viber ဂရုတွင် နေ့စဉ်အရောင်းအဝယ်ပြုလုပ်နေကြပြီး လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွေမှာလည်း စျေးနှုန်းများ တင်ထားပေးကြောင်း သိရသည်။ ပဲ၊နှမ်း ဈေးနှုန်းများလည်း တည်ငြိမ်မှုရှိနေကြောင်း သိရသည်။

 

"ကျွန်တော်တို့ နယ်ဘက်ကပွဲရုံနေနဲ့ကတော့ အမြဲအဆက်အသွယ်ရှိတယ်။ ပဲစျေးတွေက ကျပြီးထဲက သိပ်အပြောင်းအလဲတော့မရှိဘူး။ကုန်စည်ဒိုင်ဘက်ကစျေးတော့ နေ့စဥ်အချိန်နဲ့တကွ သိရပါတယ်။ နယ်ပွဲရုံတွေကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်"ဟု "အောင်" ပွဲရုံပိုင်ရှင် ဦးဌေးအောင်ကပြောသည်။

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အမိန့်ကြေညာချက်တွင်  ဧပြီလ ၃၀ ရက်အထိ လုပ်ငန်းများ ပိတ်ထားရမည်ဟု ပါရှိခဲ့သောကြောင့် ကုန်စည်ဒိုင်ကို ယာယီပြန်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း  ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။ ယနေ့ တိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ မေလ၁၅ရက်နေ့အထိ ပိတ်ရန်ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

 

မန္တလေးကုန်စည်ဒိုင်သည် မန္တလေးတိုင်းနှင့်အနီးတဝိုက်ရှိ ပဲ၊နှမ်း များအား အရောင်းအဝယ်ပြုလုပ်ရာ ဈေးကွက်ကြီး တစ်ခုဖြစ်ပြီး အသင်းဝင်  ဦးရေ ၁၇၀၀ ကျော် ရှိသည်။

 

ဖြိုးအိ