မန္တလေး ၂၆ မတ်
မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် မတ် ၂၃ ရက်မှ စ၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြောပွဲနှင့် ယာဉ်မောင်းလိုင်စင်အသစ် ဖြေဆိုနေခြင်းများကို ခေတ္တဆိုင်းငံထားကြောင်း မန္တလေး ကညနရုံးမှ သိရသည်။
“ကျွန်တော်တို့ဒီမှာရှိတဲ့ ယာဉ်မောင်းလိုင်စင်အသစ် ထုတ်ပေးခြင်းကိစ္စနဲ့ပတ်သက်တဲ့ ယာဉ် စည်းကမ်း လမ်းစည်းကမ်း ဟောပြောပွဲလုပ်တာမျိုးတွေ ယာဉ်မောင်းလိုင်စင်အတွက် ဖြေဆိုတဲ့ ကိစ္စတွေကို မတ်လ ၂၃ ရက်နေ့ကစပြီး ခေတ္တဆိုင်ငံ့ထားပါတယ်။ လက်ရှိမှာ ပုံမှန် လည်ပတ်နေ တာကတော့ ကားသက်တမ်းတိုးတာ၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာတွေ ရှိပါတယ်။ ကား သက်တမ်းတိုး ဆိုရင် အွန်လိုင်းကနေသွားတယ်၊ အွန်လိုင်းဘွတ်ကင် ယူထားတဲ့သူတွေကတော့ ပုံမှန်သက်တမ်းတိုး ရတော့ လာလုပ်ကြပါတယ်၊ နာမည်ပြောင်းကိစ္စတွေလည်း လာရောက် ဆောင်ရွက်နေကြပါတယ်။ ရုံးမှာ လူဝင်လူထွက်ကများတယ်။ COVID-19 နဲ့ပတ်သက်ပြီး လက်သန့်စင်ဆေးရည်ဘူးတွေလည်း ထားပေးပြီး လက်ဆေးပြီးမှဝင်တာမျိုး လုပ်ပေးပါတယ်၊ ကိုယ်အပူချိန် တိုင်းတာစစ်စိပေးပါတယ်၊။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာပေး ကြော်ငြာတွေ ကပ်ပေးထားတယ်၊ စပီကာကနေလည်း အသိပညာပေး ဆောင်ပုဒ်တွေကို လွှင့်ပေးတာတွေ လုပ်ပေးပါတယ်။ လောလောဆယ် အထက်က ညွှန်ကြားချက် အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။” ဟု မန္တလေးတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးမြင့် ကပြောသည်။
COVID-19 ရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် မန္တလေးတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးအကြံပြုချက်များကို အများပြည်သူ သိရှိစေရန် မြင်သာသည့် နေရာများတွင် ဗီနိုင်းများဖြင့် ထားရှိပေးခြင်း၊ ကိုယ်အပူချိန်တိုင်း စက်ကိရိယာများဖြင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ လက်သန့်ဆေးရည်ဘူးများ ထားရှိပေးခြင်း၊ ကျန်းမာရေး အသိပညာပေး ဆောင်ပုဒ်များကို အသံများဖြင့် ဖွင့်ထားပေးခြင်းများကို ဆောင်ရွက်ထားကြောင်းနှင့် မန္တလေး ကညနရုံးတွင် ဝင်ထွက်သွားလာမှုမှာ နေ့စဉ် လူဦးရေ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်


