မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် ဆန်၊ ဆီ၊ စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

မော်လမြိုင် ဧပြီ ၂၈

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဓမ္မသတ်ကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ မတ် ၂၈ ရက်မှစတင်၍ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရသော ကျေးရွာသူ ကျေးရွာသားများအား ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဓမ္မသတ်ကျေးရွာ ဓမ္မသတ်ကျောင်းဟောင်း ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ကြပြီး လတ်တလောနယ်မြေအခြေအနေအရ မိမိတို့၏ နေရပ်ကျေးရွာများကို စွန့်ခွာတိမ်းရှောင်လာကြသည့် မိသားစုများနှင့် တွေ့ဆုံအားပေးခဲ့သည်။

 

ထိုသို့တွေ့ဆုံအားပေးရာတွင် ပြည်ဝန်ကြီးချုပ်က ယခုချိန်တွင် ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့်အတွက် ကျေးရွာသူ ကျေးရွာသားများအနေဖြင့် မိမိတို့နေရပ်သို့ သွားရောက်၍ ပြန်လည်အခြေချ နေထိုင်နိုင်ပြီဖြစ်ကြောင်းနှင့် ကျေးရွာအနီးပတ်ဝန်းကျင်ရှိ ကျေးရွာသူ ကျေးရွာသားများလည်း စိုးရိမ်ပူပန်ကြောင့်ကြမှုမရှိစေရေး ဆွေမျိုးသားချင်းများအား လက်ဆင့်ကမ်း ပြန်လည်ပြောကြားပေးစေလိုကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း လိုအပ်ချက်များ အခက်အခဲများ ကြုံတွေ့လာပါကလည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ထောက်ပံ့ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားနိုင်ရေးအတွက် လာရောက်အားပေး ကူညီရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေရပ်စွန့်ခွာဒေသခံ ပြည်သူများကိုယ်စား ဒေသခံတစ်ဦးက ဒေသတွင်း နယ်မြေအေးချမ်းစွာ နေထိုင်လိုမှု၊ ပျက်စီးသွားသည့်နေအိမ် အဆောက်အအုံများအား ပြန်လည်ပြုပြင်ထူထောင်နိုင်ရေး ဆောင်ရွက်ပေးလိုမှုအား တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အားပေးစကားများ ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများ၊ အိမ်ဆောက်ပစ္စည်းနှင့် ထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးအား ပေးအပ်ခဲ့ကြရာ ကျေးရွာသူ ကျေးရွာသားများက လက်ခံရယူခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဓမ္မသတ်ကျေးရွာအတွင်း ပျက်စီးယိုယွင်းခဲ့သော နေအိမ် အဆောက်အအုံများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျေးရွာနေ ပြည်သူများ မိမိတို့နေအိမ်များသို့ အမြန်ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ နေရပ်စွန့်ခွာဒေသခံ ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ် ၇၀၊ ဆီပိဿာ ၁၁၀၊ ဆားပိဿာ ၈၀၊ အသင့်သုံးအစားအစာ ခေါက်ဆွဲခြောက်ဖာ ၈၀၊ ငါးသေတ္တာများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)