မွန်ပြည်နယ်ဝန်ကြီးချုပ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ဆုရရှိသူ အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်

မော်လမြိုင်   ဇန်နဝါရီ   ၂၁

 

မွန်ပြည်နယ်မှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်  နိုင်ငံ့ဂုဏ်ဆောင်ဆုရရှိခဲ့သည့် အားကစားသမားများအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ ဖက်တန်းရပ်၊ ပြည်နယ်ခန်းမတွင် ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  နိုင်ငံ့ဂုဏ်ဆောင်  ထူးချွန်အားကစားသမားများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများဖြစ်သည့်  မြားပစ်၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ဗိုဗီနမ်၊ မွေထိုင်း၊ ကာယဗလ၊ ဘောလုံး၊ သေနတ်ပစ်၊ ဘော်လီဘော၊ ဘိလိယက်နှင့်စနူကာ၊ ပီတန်း၊ ဟော်ကီ၊ ပြေးခုန်ပစ်နှင့် ကမ်ဗို ကစားနည်းတို့တွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုရရှိသူ ၂၉ ဦးတို့အား ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ပေးအပ်သည်။

 

အဆိုပါဆုများ ချီးမြှင့်ပေးရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ရွှေတံဆိပ်ဆုရှင် ၁၀ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀၀ နှုန်း၊ ငွေတံဆိပ်ဆုရှင် လေးဦးအား တစ်ဦးလျှင် ငွေကျပ်၂၀၀၀၀၀ နှုန်း၊ ကြေးတံဆိပ်ဆုရှင် ၁၅ ဦးအား တစ်ဦးလျှင် ၁၅၀၀၀၀ နှုန်း စုစုပေါင်းချီးမြှင့်ငွေ ကျပ် ၅၅ သိန်း ၅ သောင်း ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)