မွန်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရုံးသစ် ဖွင့်လှစ်

မော်လမြိုင်  ၂၀ မတ် 

 

မွန်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူး ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၁၉ ရက် ညနေ ၅ နာရီက မော်လမြိုင်မြို့၊ ကျိုက်မရော လမ်းမကြီး၊ မင်းရွာကျေးရွာအုပ်စု၊ ရွာသစ်ရွာ၌ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ဦးမျိုးမြင့်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးရွှေမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

 

ထို့နောက် ပြည်ထောင်စု အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ဂုဏ်ပြုအမှာစကား ပြောကြားပေးခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က "ကျွန်တော်တို့ တိုင်းရင်းသား အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းအပြင် တိုင်းရင်းသားတို့ရဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အမျိုးသားရေး လက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ဖက်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ အစီအအမံတွေ၊ အတွေးအခေါ် အမြှော်အမြင်တွေကိုလည်း ပံပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရဲ့ နေ့ထူးနေ့မြတ် အခမ်းအနားများကိုလည်း လွတ်လွတ်လပ်လပ် ခမ်းခမ်းနားနား ကျင်းပခွင့် ရရှိစေရေးနှင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း လိုအပ်တဲ့ရံပုံငွေ ထောက်ပံ့ကူညီ ပေးနိုင်ဖို့လည်း ညှိုနှိုင်းဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ တိုင်းရင်းသားများရဲ့ လူမှုဘဝတိုးတက်ရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် တစ်ဦးတစ်ယောက် ဒေသတစ်ခုချင်းအလိုက် တင်ပြဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ တိုင်းရင်းသားအလိုက် ဘက်စုံဖွံ့ဖြိုးတိုးတတ်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ပြီး အချက်အလက် မှတ်တမ်းဓာတ်ပုံ များနှင့်အတူ တင်ပြမှသာ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မိမိတို့က ညှိနှိုင်းတင်ပြ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံမှာရှိသော တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေး တောင့်တင်းပြီး လူမှုအသိုက်အဝန်း တည်ငြိမ်အေးချမ်းရေးမှာ အရေးကြီးသည့် အတွက်ကြောင့် နိုင်ငံတော်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် တစ်မျိုးသားလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁) ရာစုပင်လုံညီလာခံ ကျင်းပနေခြင်းဟာ တိုင်းရင်းသားများအားလုံး လိုချင်နေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်နိုင်ရန် ပြည်သူများ၏ ဆန္ဒနဲ့အညီ အခြေခံဥပဒေကို ရေးဆွဲနိုင်ဖို့ ဖြစ်ပါကြောင်းနှင့် ဖြစ်ပေါ်လာမည့် အခြေခံဥပဒေနှင့် နိုင်ငံတော်ကို တည်ဆောက်နိုင်မှသာ ထာဝရငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းနှင့်  ယခုကာလမှာ လူငယ်ထုအား ခြိမ်းခြောက်နေသော မူးယစ်ဆေးဝါး အန္တရာယ်ကို အမျိုးသားရေးအမြင်ဖြစ် သတိထားပြီး တိုင်းရင်းသား အားလုံးက အတူတကွ ပူးပေါင်းတိုက်ဖျက်သွားကြရန် လိုအပ်လျက်ရှိပါသည်" ဟု ပြောကြားခဲ့သည်။

 

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အမှာစကား ပြောကြားရာတွင် "ကျွန်တော်တို့ နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် (၇၀)ထဲက ဖြစ်ပျက်ခဲ့တဲ့ တိုင်းရင်းသားရေးရာ ပြဿနာတွေကို ဖြေရှင်းဖို့ ဝန်ကြီးဌာနတစ်ခု လိုအပ်ခဲ့တာ ကြာလှပါပြီ၊ အခုလို ပထမဆုံးရုံးအဖြစ် မွန်ပြည်နယ်မှာ ဖွင့်လှစ်လိုက်တဲ့အတွက် တိုင်းရင်းသားတွေရဲ့ စာပေနှင့် ယဉ်ကျေးမှု၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးတွေကို တာဝန်ယူပေးမယ့် ရုံးတစ်ရုံးဖြစ်သည့် အတွက်ကြောင့် တိုင်းရင်းသားလူမျိုးများ အားကိုးအားထားပြုရမယ့် ရုံးတစ်ရုံး ဖြစ်လာတော့မည်" ဟု အမှာစကားတွင် ပြောကြားခဲ့သည်။

 

 

အဆိုပါ အဆောက်အဦသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ် ( ၃၂၂.၁ )သန်းဖြင့် တည်ဆောက်ခဲ့သော ( အလျား ၈၀ပေ× အနံ ၆၀ပေ× အမြင့် ၂၄ ပေ၊ RC (၂)ထပ် အဆောက်အဦအမျိုးအစားကို ၂၇-၈-၂၀၁၇ ရက်နေ့တွင် ပန္နက်တင်ခဲ့ပြီး ၁၉-၃-၂၀၁၈ ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ် (ပြန်/ဆက်)