မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွင်းရှိ သဘာဝဘေးဒဏ်သင့် တိုင်းရင်းသားဒေသခံ ညီအစ်ကို မောင်နှမများအတွက် ပြည်ထောင်စုလွှတ်တော်မှ ထောက်ပံ့လှူဒါန်း 

နေပြည်တော်  ၁၃  သြဂုတ်

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွင်းရှိ သဘာဝဘေးဒဏ်သင့် တိုင်းရင်းသား ဒေသခံ ညီအစ်ကို မောင်နှမများအတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်ဖြစ်သည့် ငွေကျပ် ၂၂၅ သိန်းကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားသည်။

 

44

 

ယနေ့အစည်းအဝေးတွင် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက “၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွင်း  ဖြစ်ပွားခဲ့သော သဘာဝဘေးဒဏ် မိုးသည်းထန်ခြင်း၊ မြစ်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် တိုင်းရင်းသား ဒေသခံ ညီအစ်ကိုမောင်နှများ၏ အသက်အိုးအိမ်၊ စည်းစိမ်ပျက်စီးဆုံးရှုံးရခြင်းအတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးက စာနာထောက်ထား ကြေကွဲဝမ်းနည်းပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်ကို သဘာဝဘေးဒဏ်သင့် ဒေသခံတိုင်းရင်းသား ညီအကိုမောင်နှမများအတွက် ကူညီထောက်ပံ့လှူဒါန်းပေးနိုင်ပါရန်” အဆိုတင်သွင်းသည်။

 

66

 

အဆိုတင်သွင်းရာတွင် ဒေါက်တာလှမိုးက ယခုအချိန်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးကို နိုင်ငံအသီးသီး ခံစားနေရပါကြောင်း၊ မိမိတို့နိုင်ငံလည်း အပါအဝင်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခဲ့ခြင်းနှင့် သဘာဝအရင်းအမြစ်များကို မိမိတို့အကျိုးစီးပွား တစ်ခုတည်းအတွက် စည်းမဲ့ကမ်းမဲ့ ထုတ်ယူသုံးစွဲခဲ့ခြင်းကြောင့် သဘာဝပတ်ဝန်း ကျင်ပျက်စီးမှုနှင့်အတူ နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမိုခံစားလာရပါကြောင်း။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် သဘာဝဘေးဒဏ် ဖြစ်သည့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေရုတ်တရက်ကြီးခြင်း၊ တောင်ကျရေများ ဒလဟောစီးကျခြင်းနှင့် တောင်ပြိုခြင်းများ ဖြစ်ပွားခဲ့ပါကြောင်း၊ အထူးသဖြင့် မွန်ပြည်နယ်တွင် မြို့နယ်ပေါင်း ၈ မြို့နယ်၊ ရပ်ကွက်ပေါင်း ၂၀၊ ကျေးရွာပေါင်း ၁၄ ရွာတွင် နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ဒေသခံပြည်သူ အိမ်ထောင်စုပေါင်း ၅၉၉၇ စု လူဦးရေ စုစုပေါင်း ၂၅၂၁၁ ဦးတို့သည် သဘာဝဘေးဒဏ် သင့်ခဲ့ရပါကြောင်း၊ အသက်အိုးအိမ် စည်းစိမ်များ သေကျေပျက်စီးမှုများနှင့်အတူ ဆုံးရှုံးမှုပေါင်းမြောက်များစွာ ဖြစ်ပါ်ခဲ့ကြရပါကြောင်း။

မိမိတို့၏ နိုင်ငံသူ နိုင်ငံသားများ ဖြစ်ကြသည့် တိုင်းရင်းသားညီအကို မောင်နှမများ နေထိုင်ရာဒေသတွင် ယခုလို သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံးရသူများနှင့်ထပ်တူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံတစ်ဝန်းလုံးတွင်ရှိ သူတိုင်းကလည်း စာနာထောက်ထားမှုများနှင့်အတူ ထပ်တူကြေကွဲဝမ်းနည်း ကြရပါကြောင်း။

သဘာဝဘေးဒဏ်သင့် ဒေသတွင်ရှိသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် နိုင်ငံတော် အစိုးရကလည်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ပြီး  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတနှင့် လူမှုရေးအသင်းအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးမှုများ ဆောင်ရွက်ခဲ့ကြသည်ဟု သိရှိရပါကြောင်း။

သဘာဝဘေးဒဏ်ကြောင့် အသက်အိုးအိမ်း စည်းစိမ်ဆုံးရှုံးရမှုကို အချိန်နှင့်တပြေးညီ ကူညီကယ်တင်နိုင်ရေးသည် အလွန်အရေးကြီးသကဲ့သို့  ပြန်လည်ထူထောင်ရေးသည်လည်း အလွန်အရေးကြီးလှပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသားတိုင်းကလည်း သဘာဝဘေးဒဏ်သင့်သူများအတွက် စာနာထောက်ထားမှုဖြင့် ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းထောက်ပံ့နေကြသည်ကို တွေမြင်ကြားသိနေရသည့်အတွက် အလွန်ပင် အားရကျေနပ်မိပါကြောင်း ပြောကြားသည်။

ထို့နောက် အမရပူရမဲဆန္ဒနယ်မှ ဦးစိုးမြင့်(ခေါ်) ဦးအောင်ဇော်မြင့်က ထေက်ခံဆွေးနွေးရာ ပြည်ထောင်စုလွှတ်တော် နာယကက “၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွင်း  ဖြစ်ပွားခဲ့သော သဘာဝဘေးဒဏ် မိုးသည်းထန်ခြင်း၊ မြစ်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် တိုင်းရင်းသားဒေသခံ ညီအစ်ကိုမောင်နှများ၏ အသက်အိုးအိမ်၊ စည်းစိမ်ပျက်စီးဆုံးရှုံးရခြင်းအတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက စာနာထောက်ထား ကြေကွဲဝမ်းနည်းပါကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်ကို သဘာဝဘေးဒဏ်သင့် ဒေသခံတိုင်းရင်းသား ညီအကို မောင်နှမများအတွက် ကူညီထောက်ပံ့လှူဒါန်း ပေးနိုင်ပါရန်” အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသည့်အတွက် ယင်းအဆိုကို အတည်ပြုကြောင်းကြေညာပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် အစည်းအဝေးခန်းမအတွင်းရှိသူ အားလုံးသည် တစ်မိနစ် မတ်တပ်ရပ် ငြိမ်သက်၍ မေတ္တာပို့ သကြသည်။

၂၀၁၉ ခုနှစ် သြဂုတ်အတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်သင့် တိုင်းရင်းသားဒေသခံ ညီအစ်ကိုမောင်နှများအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လှူဒါန်းငွေကျပ် ၈၆၄၀ဝ၀ဝ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ငွေကျပ် ၆၃၆၀ဝ၀ဝ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ငွေကျပ် ၄၄၈၀ဝ၀ဝ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ငွေကျပ် ၃၀၂၀ဝ၀ဝ စုစုပေါင်း ငွေကျပ် ၂၂၅ သိန်းတိတိကို  လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် အမျိုးသား ပညာရေး မူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွိုင်ကော်မဲဆန္ဒနယ်မှဒေါက်တာခင်စည်သူက လူမှုရေး ပထဝီဘာသာရပ်ထဲတွင် Climate Change ရာသီဥတု ပြောင်းလဲခြင်းနှင့် ၎င်းမှဖြစ်လာသည့် အန္တရာယ်သည် တစ်ကမ္ဘာလုံး၏ ပြဿနာဖြစ်သကဲ့သို့ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုဖြစ်နေသည်ကို ယခုလက်ရှိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများက မီးမောင်းထိုးပြနေပါကြောင်း။

ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် သက်ဆိုင်သည့် ပညာရေးဘာသာရပ် (Climate Change & Environment Studies)၊ ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဖြစ်စဉ် စသည့် အသိသညာများ (Sustainable Important concepts) ဘဝအတွက် ကျွမ်းကျင်ရမည့် ၎င်းတို့၏ အခြေခံသဘောတရားများနှင့် ရာသီဥတု ပြောင်းလဲခြင်းဖြစ်စဉ်ကို တုံ့ပြန်နိုင်သည့် ပညာရေးသည် အလွန်အရေးတကြီး လိုအပ်နေပါကြောင်း ဆွေးနွေးသည်။ 

တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်းက သွားလာဆက်သွယ်ရေး လွယ်ကူသော ဒေသများတွင် မလိုအပ်ဘဲ ကျောင်းများ ဖွင့်လှစ်ခြင်းနှင့် ကျောင်းသားဦးရေ များလွန်း၊ နည်းလွန်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ကျောင်းသားများ များလွန်းသည့်ကျောင်းရှိ ဆရာ၊ ဆရာမများသည် တာဝန်များပိနေပြီး ကျောင်းသားနည်းလွန်းသည့် ကျောင်းများမှ ဆရာ၊ ဆရာမများသည် ပေါ့ပေါ့ပါးပါး တာဝန်ထမ်းဆောင်နေရသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကျောင်းအဆင့်တိုး မြှင့်ခြင်းကိစ္စနှင့် ကျောင်းသစ်ဖွင့်လှစ်ခြင်း ကိစ္စများကို သေချာစွာ စိစစ်သင့်ပါကြောင်း။

မြန်မာစာပေလောက၏ ကျေးဇူရှင်ဆရာကြီး မင်းသုဝဏ်၏ ကဗျာစာပေများသည် အခြေခံပညာ ကျောင်းသင်ခန်းစာ စာမျက်နှာပေါ်က ပျောက်ကွယ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပါကြောင်း၊ ကျေးဇူရှင်ဆရာကြီး မင်းသုဝဏ်၏ ကဗျာစာပေများကို သင်ရိုးညွန်းတမ်းကော်မတီက ကျေးဇူးသိတတ်စွာ ပြန်လည်ထည့်သွင်းပေးရန် မြန်မာစာပေ ချစ်မြတ်နိုးသူများက မျှော်လင့်လျက်ရှိပါကြောင်း ဆွေးနွေးသည်။    

မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်က မူလတန်းပညာကို လူတိုင်းတတ်မြောက်နိုင်ရန်အတွက် ကျောင်းသားက ကျောင်းကို အလွယ်တကူ ပျော်ရွှင်စွာလာနိုင်သည့် နည်းလမ်းသာလျှင် အကောင်းဆုံးဖြစ်ပါကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်ရှိ ကျေးရွာတိုင်းတွင် အခြေခံပညာမူလတန်းကျောင်းများ ဖွင့်လှစ်ပေးနိုင်ရန်အတွက် ဆောင်ရွက်ပေး သင့်ပါကြောင်းဆွေးနွေးသည်။

ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေးက ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံချစ်စိတ်များ ရှင်သန်ထက်မြက်ရေး၊ အမျိုးသား အားကစားကဏ္ဍကို မြှင့်တင်၍ ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ထက်၊ လယ်၊ မူအဆင့်တွင် နှစ်သက်ရာ အားကစားနည်းများ ပါဝင်ကစားစေခြင်း၊ ပညာရေးကျောင်းများမှ အားကစားနှင့်ကာယသိပ္ပံ ကျောင်းများသို့ လူရွေးချယ်စေလွှတ်ခြင်း၊ ကာယပညာသင်ကြားရေးဆိုင်ရာ အားနည်းချက်များ ပြုပြင်ခြင်းနှင့် လိုအပ်သည်များ ဆောင်ရွက်ရန် မူဝါဒချမှတ်ခြင်း၊ အကြံပြုခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များအတွက် ကော်မရှင်၏ နောင်လာမည့် အစီရင်ခံစာတွင် ထည့်သွင်းနိုင်ရန်၊ အကြံပြုပါကြောင်း။

အစီရင်ခံစာပါ နည်းပညာ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ၏ တင်ပြချက်များကို ကြိုဆိုထောက်ခံပါသော်လည်း အကြံပြုစာတမ်းပါ ဈေးကွက်အခြေပြု လေ့ကျင့်မွေးထုတ်သည့်စနစ် ပြောင်းလဲကျင့်သုံးရာတွင် သွားတုကျွမ်းကျင်မှု ပညာနှင့် ဆေးခန်း အထောက်အကူပြု ပညာရပ်များသည် ဈေးကွက်ရှိခြင်းကြောင့် လေ့ကျင့်မွေးထုတ်ရာတွင် ထည့်သွင်းစဉ်းစား သင့်ပါကြောင်း၊ လက်ရှိသွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်(၂၄)ဦးတွင် သွားတုကျွမ်းကျင်သူ (၁)ဦးသာ ရှိနေခြင်းကြောင့် ဒေသနှင့် ဈေးကွက်အခြေပြု သင်တန်းများအတွက် အခြေခံအဆင့်သင်တန်း၊ Diploma သင်တန်းများ တီထွင်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊  မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) ဦးကျော်သောင်း၊  ဧရာဝတီတိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးအေးဗိုလ်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်ဆွေ၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေး၊ မချမ်းဘောမဲဆန္ဒနယ်မှဦးနန်မွန်ထင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးထင်လင်းဦး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၊ မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်) သန်းစိုး(ဘောဂဗေဒ)တို့က ဆွေးနွေးကြသည်။

ပြည်ထောင်စုလွှတ်တော် နာယကက  ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်  သက်ဆိုင်ရာ ကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့က ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း အစီအစဉ်တို့ကို သြဂုတ် ၁၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားပါကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။ 

သတင်း- မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထိုက်ထိုက်