မှန်ပြောင်းအသုံးပြုခွဲစိတ်ကုသမှုကို မြန်မာ-ထိုင်း နှစ်နိုင်ငံမှ အထူးကုဆရာဝန်ကြီးများ ပူးပေါင်းဆောင်ရွက်

နေပြည်တော်  ၁၆  မေ 

 

Laparoscopic-Endoscopic Surgery for ASEAN People Project အရ မြန်မာ-ထိုင်းနှစ်နိုင်ငံမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများ ပူးပေါင်း၍ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀ဝ၀) ၌ ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ဒုတိယနေ့အဖြစ် ခွဲစိတ်ကုသမှုများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ခွဲစိတ်ကုသမှုများတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Rajavithi ဆေးရုံကြီးမှ မှန်ပြောင်းအသုံးပြုခွဲစိတ်မှု အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများ၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀ဝ၀)၊ နေပြည်တော် သားဖွားနှင့်မီးယပ်အထူးကုဆေးရုံကြီးနှင့် နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါအထူးကု ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများက မှန်ပြောင်းအသုံးပြု ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများ ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်။

 

နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀ဝ၀)ဆေးရုံအုပ်ကြီး ဒေါက်တာပပက “ခန္ဓာကိုယ်တွင်း မှန်ပြောင်းထည့်ပြီး ခွဲစိတ်တဲ့အခါမှာ အပေါ်အသားစကို ခွဲရတဲ့ဧရိယာ နည်းသွားတယ်။ ဒါကြောင့် အနာကျက်လွယ်တယ်။ ခန္ဓာကိုယ်တွင်းမှာလည်း အသေးစိတ်ကြည့်နိုင်တဲ့အတွက် တစ်ခြားခန္ဓာကိုယ်တွင်းက အစိတ်အပိုင်းတွေ၊ တစ်ရှူးတွေကို ထိခိုက်အနာတရဖြစ်တာ လျော့နည်းမှာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာလည်း ဒီနည်းပညာတွေကို အသုံးပြုနေပါတယ်။” ဟု ခန္ဓာကိုယ်တွင်းမှန်ပြောင်းထည့်၍ ခွဲစိတ်မှု နည်းပညာနှင့် ပတ်သက်၍ ပြောပြသည်။

 

ယခု ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာ-ထိုင်း အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများအကြား မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုဆိုင်ရာ မေ့ဆေးပညာ၊ သူနာပြုစုမှုပညာနှင့် ခွဲစိတ်မှုပညာဆိုင်ရာ နောက်ဆုံးပေါ်နည်းပညာ အချက်အလက်များကို မျှဝေဖလှယ်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

“ဒီပူးပေါင်းဆောင်ရွက်မှုကို နောက်ဆုံးပေါ်ခေတ်မီ နည်းပညာတွေကို သိရှိနားလည်စေဖို့၊ နှစ်နိုင်ငံ ဆေးပညာရှင်တွေအကြား နည်းပညာတွေပူးပေါင်း ဖလှယ်ခြင်းဖြင့် အသိပညာများပိုမိုတိုးတက်စေဖို့၊ အတူတကွ ပူးပေါင်းခွဲစိတ်မှုတွေ ဆောင်ရွက်မှာဖြစ်တဲ့အတွက် နောက်ဆုံးပေါ်ခွဲစိတ်မှု နည်းပညာတွေကို လက်ထပ်သင်ကြား ရရှိစေဖို့နဲ့ နှစ်နိုင်ငံအကြား ဆေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခွဲစိတ်ကုသမှု အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ စတဲ့အချက်တွေကို ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်” ဟု ဒေါက်တာပပ က ပြောသည်။

 

“ အခု ပူးပေါင်းဆောင်ရွက်မှုက Laparoscopic-Endoscopic Surgery for ASEAN People Project အရ အာဆီယံနိုင်ငံတွေမှာရှိတဲ့ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အထူးကုဆရာဝန်ကြီးတွေ နဲ့ပူးပေါင်းပြီး ခန္ဓာကိုယ်အတွင်း မှန်ပြောင်းထည့်ပြီး ခွဲစိတ်ကုသမှုကို ထိရောက်စွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု ထိုင်းနိုင်ငံRajavithi ပြည်သူ့ဆေးရုံကြီးမှပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ ခေါင်းဆောင် Dr. Sa-ardTreepongkaruna က ပြောသည်။

 

မြန်မာ-ထိုင်း သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများ ပူးပေါင်းခွဲစိတ်မှုများတွင် ဗိုက်ကိုမခွဲဘဲ အမျိုးသမီးများ၏ သဘာဝလမ်းကြောင်းမှတစ်ဆင့် သားအိမ်ထုတ်သည့် ခွဲစိတ်မှု ပါဝင်မည်ဖြစ်ပြီး ယခုပူးပေါင်းခွဲစိတ်မှုကြောင့် မျိုးဆက်သစ် ဆရာဝန်များ အနေဖြင့် လုပ်ကိုင်နိုင်စွမ်းများ မြင့်တက်လာစေပြီး ကြိုးစားချင်စိတ်များ ဖြစ်ပေါ်လာ စေမည်ဖြစ်ကြောင်း နေပြည်တော် သားဖွားမီးယပ်အထူးကုဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ မြမြအေးက ပြောသည်။

 

ဆက်လက်၍ ၎င်းက “ထိုင်း-မြန်မာ နှစ်နိုင်ငံ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး တွေ ပူးပေါင်းပြီးတော့ အပေါ်အသားစကို တစ်လက်မ၊ တစ်လက်မခွဲလောက် အပေါက်သေးဖောက်ပြီး ခွဲစိတ်မှုကို ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ နေပြည်တော်ဆေးရုံကြီးမှာလည်း ဒီလိုခွဲစိတ်မှုတွေကို စတင်ဆောင်ရွက်နေပါပြီ။ အဆင့်မြင့်စက် ပစ္စည်းတွေကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပံ့ပိုးပေးပြီးဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ ခွဲစိတ်နိုင်တဲ့ ဆရာဝန်ကြီးတွေလည်း မြန်မာနိုင်ငံ မှာရှိပါတယ်။” ဟု ပြောသည်။

 

ထိုင်း-မြန်မာ နှစ်နိုင်ငံအထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများ၏ ပူးပေါင်းဆောင်ရွက်မှုတွင် အထွေထွေ ခွဲစိတ်ရောဂါ ပညာဌာန၊ အရိုးရောဂါ ပညာဌာန၊ ဆီးနှင့်ကျောက် ကပ်ခွဲစိတ်ပညာဌာန၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ ဌာန၊ မျက်နှာ၊ မေးရိုးနှင့် ခံတွင်း ခွဲစိတ်ပညာဌာန၊ မေ့ဆေးပညာဌာန၊ သားဖွားမီးယပ် ပညာဌာန၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာပညာဌာနနှင့်  သူနာပြုများ စသည့် နယ်ပယ် (၉)ခုပါဝင်ပြီး သက် ဆိုင်ရာနယ်ပယ် အသီးသီး၌ နှစ်နိုင်ငံအထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများက ဆွေး နွေးပွဲများပြုလုပ်၍ ပညာရပ်ဆိုင်ရာဆွေးနွေးခြင်းများနှင့် လက်တွေ့ခွဲစိတ် ကုသမှုများဖြင့် နည်းပညာ ဖလှယ်ခြင်းများကို ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။

 

သတင်း- မျိုးသူဟိန်း