မြန်မာ့ယွန်းထည်များ ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေ

ရန်ကုန်  ၂   ဒီဇင်ဘာ

 

မြန်မာ့ယွန်းထည် လက်မှုပစ္စည်းများကို ယခင်က ပြည်တွင်းဈေးကွက်အတွက်သာ ထုတ်လုပ်ခဲ့ရာမှ ပြည်ပနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်နှင့် ပြည်ပဈေးကွက်တွင် ခိုင်မာစွာရပ်တည်နိုင်ရန် မြန်မာ့ယွန်းထည်များ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

 

ပြည်တွင်းမှ ယွန်းထည်ပစ္စည်းများ အသုံးပြုမှု လျော့နည်းလာသော်လည်း ပုဂံခေတ်ကာလမှ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့သည့် ရှေးဟောင်းယွန်းလုပ်ငန်းကို အသက်မွေးဝမ်းကျောင်း ပညာရပ်အနေဖြင့် ယနေ့တိုင်ပုဂံနှင့် ညောင်ဦးမြို့တို့မှ ထုတ်လုပ်လျှက်ရှိရာ  နိုင်ငံခြားခရီးသွား လုပ်ငန်းအပေါ် မှီခိုလာရသော ယွန်းထည် လုပ်ငန်းအနေဖြင့် ရောင်းအားမတည်ငြိမ်မှုကြောင့် နိုင်ငံခြားခရီးသွားလုပ်ငန်း တစ်ခုတည်းအပေါ် အမှီပြုနေရခြင်းထက် ခိုင်မာသော ဈေးကွက်ရရှိမှသာ ယွန်းထည်လုပ်ငန်း ဆက်လက်ရှင်သန်နိုင်မည်ဖြစ်ရာ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

 

“တစ်ချိန်က ယွန်းထည် တစ်ခေတ်ရှိခဲ့ဖူးပြီး ပြည်တွင်းအတွက် ထုတ်လုပ်ခဲ့တာ။ ပြည်တွင်းဈေးကွက် လျော့နည်းသွားချိန်မှာ ပြည်ပဈေးကွက်ကို အားပြုလာရတယ်။ အထူးသဖြင့် နိုင်ငံခြား ခရီးသွားတွေကို မှီခိုရတယ်။ ကောင်းတဲ့အချိန်တုန်းက ကောင်းခဲ့ပြီးပြီ။ လက်ရှိမှာတော့ ယွန်းဈေးကွက်က စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်။ ဒါကြောင့် နိုင်ငံတကာမှာရှိတဲ့ ယွန်းထည် ပစ္စည်းလုပ်ငန်းကို နားစွင့်၊ မျက်စေ့နဲ့ကြည့်ပြီး နည်းပညာကို လေ့လာရတယ်။ အာရှနိုင်ငံက လက်မှုပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ တစ်နှစ်မှာ တစ်ကြိမ်တွေ့ဆုံပွဲ အတွေ့အကြုံကနေ ယွန်းထည်လုပ်ငန်း အဆင့်မြင့်လာအောင် ပေါင်းစပ်ပြီး ကြိုးစားနေတယ်။ ရိုးရာပစ္စည်းကို ပြည်တွင် ဈေးကွက်မှာ ရပ်မနေဘဲ နိုင်ငံတကာ နည်းပညာနဲ့ ပေါင်းစပ်ပြီး ခေတ်နဲ့အညီ ဆန်းသစ်နိုင်အောင် ယွန်းထည်လုပ်ငန်း ဦးမော့လာဖို့ ကြိုးစားနေရတယ်။ လက်ရှိပြည်ပ ပို့ကုန်မရှိဘူး။ နိုင်ငံခြားခရီးသွား လုပ်ငန်းကျဆင်းရင် ယွန်းထည်လုပ်ငန်းလည်း ကျဆင်းမယ်။ ဒါကြောင့် မြန်မာယွန်းထည် လုပ်ငန်းတစ်ခေတ်ဆန်းသစ်ဖို့ဆိုရင် ခိုင်မာတဲ့ပြည်ပဈေးကွက်ရထားဖို့လိုမယ်” ဟု ညောင်ဦးမြို့ ၊ ဝက်ကြီးအင်းမှ ယွန်းလုပ်ငန်းရှင် ဦးမောင်မောင်က ပြောသည်။

 

ပုဂံဒေသနှင့် အနီးဝန်းကျင်မှ ယွန်းပစ္စည်း ထုတ်လုပ်သော ဆိုင်ကြီး(၁၀)ဆိုင်ရှိပြီး ယွန်းလုပ်ငန်း လုပ်ကိုင်သူ (၂)ထောင်ကျော်ရှိရာ ယွန်းလုပ်ငန်းအတွက် ကုန်ကြမ်းမှာ ခေတ်ကာလဖြင့် လိုက်လျောညီထွေစွာ အသုံးပြုနိုင်လျှက်ရှိပြီး သစ်သားနှင့်ဝါးကို သစ်စေးသုတ်၍ ပစ္စည်းတစ်ခု ထုတ်လုပ်ရာတွင် (၆)လအချိန် ပေးရပြီး ရောင်စုံခြယ်သပါက (၄)လအချိန် ပေးရသောကြောင့် (၁၀)လ ကြာမှသာ ယွန်းထည်ပစ္စည်းကောင်း တစ်ခုရရှိခြင်းဖြစ်သည်။ အချိန်ပေးပြီး ရင်းနှီးမြှုပ်နှံမှုများသော ယွန်းထည်လုပ်ငန်း ရည်ရှည် တည်တံ့နိုင်ရန်နှင့် လက်မှုပညာ ဆက်လက်ရှင်သန်နိုင်ရန် ဈေးကွက်သည် အရေးကြီးသောကြောင့် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်ခြင်းဖြင့် နိုင်ငံခြားခရီးသွားဝင်ရောက်မှု လျော့နည်းချိန်တို့တွင် ယွန်းလုပ်ငန်း ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။

 

ယွန်းလုပ်ငန်း တိုးတက်အောင်မြင်ရန် နည်းပညာ၊ ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်သောကြောင့် လက်ရှိယွန်းပစ္စည်းထုတ်လုပ်မှုသည် ပြည်ပနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရမည်ဖြစ်ရာ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကောင်းမွန်သော မြန်မာ့ယွန်းပစ္စည်းများအနေဖြင့် ပြည်ပဈေးကွက်တွင် ခိုင်မာစွာ ထိုးဖောက်ရပ်တည်နိုင်ရန် လိုအပ်မည်ဖြစ်ရာ ထိုသို့ရရှိရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

 

သတင်း- သန်းထိုက်

ဓာတ်ပုံ - သန်းစိုး