မြန်မာတိုက်စစ်မှူး ကျော်ကိုကို ထိုင်းကလပ်နှင့် လမ်းခွဲ

၆ မေ

 

ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းတွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီဖြစ်သည်။

 

ကျော်ကိုကိုသည် ရာသီအစမှ ဆူခိုထိုင်းအသင်းနှင့် တစ်ရာသီ စာချုပ်ခဲ့ခြင်းဖြစ်ပြီး လပိုင်းအကြာမှာပင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ထိုင်းလိဂ်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားပြီး လေးပွဲသာကစားရသေးကာ ကျော်ကိုကိုသည် ပွဲအနည်းငယ်ကစားရသေးသောကြောင့် အသင်းတာဝန်ရှိသူများနှင့် ညှိနှိုင်းကာ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆူခိုထိုင်းအသင်းနှင့် လမ်းခွဲခဲ့သောကြောင့် အခြားအသင်းများသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းလျက်ရှိပြီး အေးဂျင့်ဖြစ်သူမှတစ်ဆင့် အသင်းရှာဖွေလျက်ရှိသည်။

 

၂၀၁၈ ခုနှစ်ကတည်းက ထိုင်းကလပ်များတွင် သွားရောက်ကစားခဲ့သော်လည်း ပထမဆုံးရာသီမှာပင် ဒူးဒဏ်ရာရရှိပြီး ကာလရှည်ကြာစွာ အနားယူခဲ့ရသလို နောက်ပိုင်းတွင်လည်း ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရသည်။ ၂၀၁၈ ရာသီတွင် ချင်းရိုင်ယူနိုက်တက်အသင်း၊ ၂၀၁၉ ရာသီတွင် ဆာမတ်ပရာခန်အသင်း၊ ၂၀၂၀ ရာသီတွင် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်သည်။ ကျော်ကိုကိုသည် ၂၀၁၈ ခုနှစ်တွင် ချင်းရိုင်ယူနိုက်တက်အသင်း၌ ဒူးဒဏ်ရာပြင်းထန်စွာရရှိပြီး ကာလရှည်ကြာစွာအနားယူခဲ့သောကြောင့် ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို လွဲချော်ခဲ့သည်။

 

ကျော်ကိုကိုသည် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အသင်းသစ်ရရန် ကြိုးပမ်းသွံားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်