မြန်မာထွက်ကုန် သီးနှံ ငရုတ်များကို တရုတ်နှင့် ထိုင်းနိုင်ငံများမှ ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေ

မန္တလေး   ၁၂   ဧပြီ

 

မြန်မာထွက်ကုန် သီးနှံ ငရုတ်များကို ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံများမှ ဝယ်ယူရန်ကမ်းလှမ်းမှုများရှိနေကြောင်း ငရုတ်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က ပြောကြားသည်။

 

လက်ရှိအချိန်တွင် ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ ဟန်မြင့်မိုရ် ဒေသတို့တွင် ငရုတ်(ဂွသီး)များ စတင်ထွက်ရှိနေပြီး ဈေးနှုန်းများအနေဖြင့် တောထွက်တစ်ပိဿာလျှင် ၁၃၀ဝ နှင့် ၁၄၀ဝ ကျပ်၊ အသင့်ရွေးချယ်ပြီး ငရုတ် တစ်ပိဿာလျှင် ၂၀ဝ၀ ကျပ်ဈေးနှုန်းများဖြင့် ပေါက်ဈေးရှိနေသော်လည်း ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် အရောင်းအဝယ်များ ရပ်ဆိုင်းလျက်ရှိနေပြီး၊ သင်္ကနြ်ပြီးကာလတွင် ဈေးများ တဖြည်းဖြည်း မြင့်တက်လာမည်ဖြစ်ကာ မေလအတွင်း၌ အမြင့်ဆုံးဈေးနှုန်းများအထိ ရောက်ရှိလေ့ရှိကြောင်း သိရသည်။

 

"မြန်မာ့ငရုတ်တွေကို ဝယ်ယူဖို့အတွက် ပြည်ပနိုင်ငံတွေက ကမ်းလှမ်းထားတာတွေရှိနေပါတယ်။ လက်ရှိကာလမှာ ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် လမ်းကြောင်းတွေ ပိတ်ထားတယ်။ လူစုလူဝေးလည်းမလုပ်ရဘူးဆိုတဲ့ အတွက်ကြောင့်လည်း စောင့်ဆိုင်းနေရပါတယ်။ သူတို့နိုင်ငံတွေမှာ လိုအပ်ချက်တွေများနေပါပြီ။ ဒါကြောင့် ဝယ်ယူဖို့ကမ်းလှမ်းနေကြတာပါ။ အခုကြားနေရတဲ့ ဈေးတွေကတော့ တောထွက်ငရုတ်သီး တစ်ပိဿာ ကို ၁၃၀ဝ ကျပ်ရှိပါတယ်။ သီးသန့်ရွေးချယ်ပြီး ခြင်းထဲထည့်ထားတဲ့ ငရုတ်ကို တစ်ပိဿာကို ဈေးက ၂၀ဝ၀ ကျပ် ဈေးနှုန်းများ ရှိနေပါတယ်။ သင်္ကြန်ကျော်ရင်တော့ ဈေးကောင်းမယ်လို့ခန့်မှန်းထားပါတယ်။ အနီရောင်မှာ အညှာတွေစိမ်းနေတဲ့ ငရုတ်ကို နိုင်ငံခြားက ပိုကြိုက်ကြပါတယ်။ ဈေးကောင်းများရရှိလာနိုင်တဲ့အတွက် တောင်သူများအနေနဲ့ အခွင့်အလမ်းတွေရရှိပြီး အကျိုးကျေးဇူးများလည်း ခံစားကြရမှာပါ။ ငရုတ်ဈေးက မေလထဲမှာဆိုရင် ဈေးအမြင့်ဆုံးကို ရောက်ရှိတတ်တယ်။ မနှစ်ကဆိုရင် တစ်ပိဿာကို ၇၀ဝ၀ ကျပ်၊ ၈၀ဝ၀ ကျပ်နဲ့ ၁၀ဝ၀ဝ ကျော်ဈေးအထိ ဖြစ်ခဲ့တယ်။"  ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

ယခုနှစ်တွင် ငရုတ်ဈေးကွက်အနေအထားကိုကြည့်ပါက လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် ငရုတ်အစိုများကို တင်ပို့ရောင်းချနိုင်ခြင်းမရှိခဲ့သည့်အတွက် ငရုတ်အခြောက်ဈေးကွက် ပိုမိုကောင်းမွန်လာနိုင်ကြောင်း ပြီးခဲ့သည့်နှစ်က ပြည်ပသို့ ငရုတ်အစိုများသာ တင်ပို့ရောင်းချခဲ့ရသည့်အတွက် ငရုတ်အခြောက်ရောင်းချသူများအနေဖြင့် ဈေးကွက်မရရှိခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

mdn