မြန်မာသံရုံး၊ စင်ကာပူမြို့နှင့် မြန်မာသံရုံး၊ တိုကျိုမြို့တို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လွှဲပြောင်းပေးအပ်ခဲ့

၂၄-၁၀-၂၀၂၀ ရက်၊ နေပြည်တော်

 

၁။ မြန်မာသံရုံး၊ စင်ကာပူမြို့နှင့် မြန်မာသံရုံး၊ တိုကျိုမြို့တို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များပါဝင်သည့် ချိတ်ပိတ်ထားသော သံတမန်ချောအိတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ယနေ့  ၂၄-၁၀-၂၀၂၀ ရက် (စနေနေ့) တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။

 

၂။ အဆိုပါ မြန်မာသံရုံး(၂)ရုံးမှ ပြန်လည်ပေးပို့လာသည့် ချိပ်ပိတ်ထားသော ဆန္ဒပြုပြီး မဲလက်မှတ်များပါဝင်သည့် အထုပ်များအား ယနေ့ ၂၄-၁၀-၂၀၂၀ ရက် (စနေနေ့) နံနက်  (၀၆၀၀) နာရီအချိန်တွင် လုံခြုံရေး အစောင့်အရှောက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)မှ ဌာနပိုင်ယာဉ် ဖြင့် စတင်ပို့ဆောင်ခဲ့ရာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမှ တစ်ဆင့် နေပြည်တော်အဝင် Toll Gate သို့ (၁၁၀၀) နာရီအချိန်တွင် ရောက်ရှိခဲ့သည်။ ၎င်းဆန္ဒမဲလက်မှတ်ပါအထုပ်များအား နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ  တာဝန်ရှိသူများထံသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ စနစ်တကျချက်ချင်း လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။

 

၃။ နိုင်ငံပြင်ပသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ပရောက်ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် မဲရုံနှင့် မဲရုံခွဲများ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ဆန္ဒပြုပြီးကြိုတင် ဆန္ဒမဲလက်မှတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့  လာရာ ၁၄-၁၀-၂၀၂၀ ရက်နေ့တွင် ရုံး (၄) ရုံးတို့မှ ဆန္ဒမဲလက်မှတ်များ အား လည်းကောင်း၊ ၁၅-၁၀-၂၀၂၀ ရက်နေ့တွင် ရုံး (၂) ရုံးတို့မှ ဆန္ဒမဲလက်မှတ်များအား လည်းကောင်း၊ ၁၉-၁၀-၂၀၂၀ ရက်နေ့တွင် ရုံး(၂၈)ရုံးတို့မှ ဆန္ဒမဲလက်မှတ်များအား လည်းကောင်း၊ ၂၂-၁၀-၂၀၂၀ ရက်နေ့တွင် ရုံး(၈)ရုံးတို့မှ ဆန္ဒမဲလက်မှတ်များအားလည်းကောင်း၊ ယနေ့ ၂၄-၁၀-၂၀၂၀ ရက်နေ့တွင် ရုံး (၂) ရုံးမှ ဆန္ဒမဲလက်မှတ်များအား လည်းကောင်း လက်ခံရရှိခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အဆိုပါနေ့ရက်များ၌ပင် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်ပါ သဖြင့် ယခုအချိန်အထိ ရုံး(၄၄)ရုံးတို့မှ ကြိုတင်ဆန္ဒမဲ လက်မှတ်များအား စနစ်တကျ လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါကြောင်း အသိပေးတင်ပြအပ်သည်။

 

၄။ ကျန်ရှိသည့် မြန်မာသံရုံးဖြစ်သည့် ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့ရှိ မြန်မာသံရုံး အနေဖြင့် ဆန္ဒပြုပြီးကြိုတင်ဆန္ဒမဲလက်မှတ်များကို ပြန်လည်ပေးပို့ထားပြီး ယင်းမဲလက်မှတ်များသည်လည်း မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

#Ministry_of_Foreign_Affairs_Myanmar