မြန်မာ့သနပ်ခါးအပေါ် စိတ်ဝင်စားမှု ရှိလာပြီး ဈေးကွက် ချဲ့ထွင်နိုင်ရန် မကွေးမြို့၌ သနပ်ခါးပွဲတော် ကျင်းပမည်

မကွေး ၆  စက်တင်ဘာ 

 

မြန်မာတို့၏ ယဉ်ကျေးမှု အသွင်အပြင် တစ်ခု ဖြစ်သည့် သနပ်ခါးနံ့သာ လိမ်းချယ်ခြင်း ဓလေ့နှင့် သနပ်ခါး ထုတ်ကုန် ပစ္စည်းများအပေါ် နိုင်ငံတကာမှ စိတ်ဝင်စားလာပြီး အမွှေးနံ့သာ ဈေးကွက်၌ ဈေးကွက်ဝေစု ပိုမိုချဲ့ထွင် ပိုင်ဆိုင်လာစေရန် ရည်ရွယ်သည့် သနပ်ခါးပွဲတော် တစ်ခုကို မကွေးမြို့ မြို့တော်ခန်းမ၌ စက်တင်ဘာ ၂၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

  
ရန်ကုန်မြို့၊ ပန်းဆိုးတန်း ဂယ်လာရီမှ အဆိုပါပွဲကို ဦးစီးကျင်းပသွားမည်ဖြစ်ပြီး မကွေးတိုင်း အတွင်းရှိ သနပ်ခါး စိုက်ပျိုးထွက်ရှိရာ ပခုက္ကူ၊ ရေစကြို နှင့် မြိုင်မြို့များမှ လုပ်ငန်းရှင်များ၏ သနပ်ခါးတုံးများ၊ သနပ်ခါး ထုတ်ကုန်များကို ခင်းကျင်း ရောင်းချခြင်း၊ သနပ်ခါးနှင့်ပတ်သက်သည့် ပန်းချီ၊ ဓာတ်ပုံများ ချိတ်ဆွဲပြသခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပါရှိမည် ဖြစ်သည်။

 

“သနပ်ခါးဆိုတာ  မြန်မာရဲ့ အမှတ်တံဆိပ်၊ မြန်မာတွေရဲ့ ရိုးရာအစဉ်အလာ ဆိုတာကို ဖော်ကျူးဖို့၊ မြန်မာလူမျိုးတွေ ကိုယ်တိုင်ကလည်း သနပ်ခါးကို ပိုပြီးတော့ စိတ်ဝင်တစားနဲ့ တန်ဖိုးထားလာဖို့ ဒီပွဲတော်ကို စီစဉ်ရခြင်း ဖြစ်ပါတယ်။ ဒီလို ပွဲတော်တွေကနေ နိုင်ငံတကာက မြန်မာ့သနပ်ခါးအပေါ် စိတ်ဝင်စားမှုရှိလာပြီး ဈေးကွက်ချဲ့ထွင် လာနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ မကွေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပမှာပါ” ဟု ပွဲတော်ကျင်းပရေး တာဝန်ခံ ကိုအောင်သူငြိမ်းက ပြောသည်။

 

သနပ်ခါးပွဲတော်အား ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် (၃)ကြိမ်ကျင်းပနိုင်ခဲ့ပြီး မကွေးမြို့၌ စတုတ္ထ အကြိမ်မြောက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါပွဲတော်တွင် သနပ်ခါးလိမ်း ပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပြီး ကျောက်ပြင်၊ သနပ်ခါးနှင့် ဆက်စပ်ပစ္စည်းအစုံ အဆင်သင့် ချထားပေးမည်ဖြစ်ကာ မိမိနှစ်သက်ရာပုံစံဖြင့် လိမ်းချယ်ပြိုင်ပွဲ ဝင်နိုင်ပြီး ပထမ၊ ဒုတိယနှင့် တတိယ ဆုများကို ထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)