မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား

ယနေ့ကျရောက်တဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား ပြည်သူအားလုံးအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများ အားလုံး ဘေးဘယာများ ကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယခုကာလဟာ ကျွန်တော်တို့မြန်မာတွေရဲ့ အယူအဆအရ နှစ်ဟောင်းမှာ ပြုလုပ်မိတဲ့ မကောင်းတဲ့အတွေး၊ အပြုအမူနဲ့ လုပ်ရပ်များကို အတာသင်္ကြန်ရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ ကောင်းမွန်တဲ့အရာများနဲ့ ပြန်လည်စတင်ဖို့ ပြင်ဆင်ကြတဲ့ကာလဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပြီးဖြစ်ပါတယ်။ ယခုနှစ်သစ်မှာလည်း ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်သူအားလုံးရဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ယုံကြည်ချက်တို့နဲ့အတူ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်သူအားလုံး လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေဖို့ ဥပဒေနှင့်အညီ ထိန်းသိမ်းတည့်မတ်ပေးနေသလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်လည်း ခိုင်မာတဲ့ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံသားအားလုံးရဲ့ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်များ၊ စီမံခန့်ခွဲမှုများ၊ နည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက် သွားမှာဖြစ်သလို နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တိုးတက်လာစေဖို့လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံအတွက် အရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ အထူးမေတ္တာရပ်ခံလိုတာကတော့ လာမယ့်ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး နိုင်ငံသူနိုင်ငံသားများအားလုံး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါတယ်။

တစ်ဆက်တည်းမှာပဲ နိုင်ငံ့စီးပွားရေး မြှင့်တင်နိုင်ဖို့အတွက်လည်း ကုန်ထုတ်လုပ်မှုနယ်ပယ်အားလုံးက ကြိုးစားဆောင်ရွက်ကြစေလိုပါတယ်။ အခက်အခဲ အကျပ်အတည်းမျိုးစုံကြားက နိုင်ငံ့စီးပွားအတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပိတ်ဆို့တားဆီးမှုအပါအဝင် အခက်အခဲအချို့သာမရှိခဲ့ရင် နိုင်ငံ့စီးပွားဟာ ဒီထက်မက များစွာတိုးတက်နေမှာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

အလားတူ တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်များအထိ တည်တံ့နေတဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ အရှည်မမြော်တွေးတဲ့ လိုအင်ဆန္ဒတွေ၊ ဘေးပယောဂတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အချို့သော ကိုယ်ကျိုးအတ္တ လွန်ကဲတဲ့သူတွေဟာ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ကိုယ့်ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကို ဒုက္ခတွင်းထဲရောက်အောင် တွန်းပို့ခဲ့တာကို တွေ့ကြုံခဲ့ရပြီးဖြစ်တာကြောင့် အရှည်ကိုမြော်တွေးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးကွဲအောင် သပ်လျှိုသွေးခွဲနေတာကို ကျွန်တော်တို့အားလုံးရဲ့ သွေးစည်းညီညွတ်မှုနဲ့ တုံ့ပြန်ပြသဖို့ လိုပါတယ်။

“စုပေါင်းညီညာ အောင်ကြောင်းဖြာ”၊ “ကြိုးစားအားထုတ်မှုကောင်းမှ ရလဒ်ကောင်းမည်” ဆိုတဲ့အတိုင်း ကျွန်တော်တို့အားလုံး နှစ်ဟောင်းက တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်များကို သုံးသပ်ပြီး လာမယ့်နှစ်သစ်မှာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းပြီး နိုင်ငံတော်က ဆက်လက်လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ပေးကြဖို့ ပြောကြားရင်း နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားအပ်ပါတယ်။