မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်ရေးအဖွဲ့မှ ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်နိုင်ရေးအတွက်ရုပ်ရှင်ဇာတ်ကားပေါင်း ၅၃ ကားကို အပြီးသတ်ကြည့်ရှုပြီးစီးဟု သိရ

ရန်ကုန် ၉ မတ်

 

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်ရေးအဖွဲ့မှ ၂ဝ၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားပေါင်း ၅၃ ကားကို ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်နိုင်ရေး အတွက် မတ် ၇ ရက်က အပြီးသတ်ကြည့်ရှုပြီးစီးကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ (၁) ဦးအေး ကြူလေးက ပြောသည်။ ရုပ်ရှင်ဇာတ်ကား များကို ပထမ အကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် စသည်ဖြင့် အကြိမ်ပေါင်းများစွာဖြင့် နှစ်လခန့် အချိန်ယူ ကြည့်ရှုအကဲဖြတ် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

 

မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာအီးဗင့်ပတ်(MEP)တွင် ကျင်းပ မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားပြင်ဆင်ရေးအတွက် For-ever Group မှ သိန်း ၆ဝဝဝ ထည့်ဝင် ထားပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး သို့ သိန်း ၃ဝဝဝ နှင့် အခမ်းအနားပြင်ဆင် ရေးအတွက် သိန်း ၃ဝဝဝ အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး ပညာရေး ရန်ပုံငွေအတွက်လည်း ငွေကျပ် သိန်း ၅ဝဝ ပံ့ပိုးပေးထားကြောင်း သိရသည်။ ယခင်နှစ်များက အကယ်ဒမီ ရွှေစင်ရုပ် ကလေးတွင် ရွှေနှစ်ကျပ်သား ပါဝင်ခဲ့ သော်လည်း ယခုနှစ်တွင် ရွှေငါးကျပ်သား ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

 

ယင်းအတွက် ကုန်ကျစရိတ်ကိုလည်း Forever Group မှ ကျခံပေးခြင်း ဖြစ်ကြောင်း သိရသည်။၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၃ ဆုထိ ချီးမြှင့်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ '' အရင်တုန်းက သတ်မှတ်ထားတာ ၁၁ ဆုရှိတယ်၊ နောက်တစ်ခါ အထူးဆု ဆိုတာရှိတယ်၊ အထူးဆုဆိုတာ ဟိုးတုန်း က ကလေးဇာတ်ဆောင်တွေကို ပေးတဲ့ ဆု၊ ပြီးခဲ့တဲ့နှစ်ကစပြီး အထူးဆုဆိုတာ ကလေးဇာတ် ဆောင်တင် မဟုတ်တော့ ဘဲ ဒီ ၁၁ ဆုထဲမှာ မပါဘဲ ထူးခြားတာ တွေကို ပေးမယ်ဆိုပြီး စသတ်မှတ် လိုက် တာ၊ ဒီနှစ် ထပ်တိုးလာတာက တစ်သက် တာထူးချွန်ဆု၊ ရုပ်ရှင်ကိုလည်း တစ်သက် လုံးလုပ်တယ်၊ အသက်က ၈၅ နှစ် အထက်ဖြစ်ရမယ်၊ ရုပ်ရှင်ထူးချွန်ဆု ဖြစ်စေ၊ နိုင်ငံတော်ကချီးမြှင့်တဲ့ ဘွဲ့တံဆိပ် ဖြစ်စေ အဲဒီလိုသတ်မှတ်ချက်တွေရှိတယ်၊ အဲဒါနဲ့ ပြည့်စုံရင်ပေးမယ်၊ ဒီနှစ်ကစပြီး တစ်သက်တာထူးချွန်ဆုပေးမယ် ဆိုတော့ ၁၃ ဆု ဖြစ်သွားတယ်၊ တစ်သက်တာ ထူးချွန်ဆုရတဲ့ ပုဂ္ဂိုလ်ကို ဒီနှစ် စပွန်ဆာ ရတဲ့ Forever Group ကလည်း ဆုပေးတဲ့အချိန်က စပြီး လစဉ် ငွေကျပ် ငါးသိန်းနှုန်းနဲ့ တစ်သက်လုံး ထောက်ပံ့ မယ်'' ဟု ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူ လေးက ပြောသည်။ 

 

ယခုနှစ်တွင် အကယ်ဒမီဗန်းကိုင်၊ ရွှေကြိုများကို သီးခြားရွေးချယ်မည် မဟုတ်ဘဲ အနုပညာရှင်၊ အတတ်ပညာ ရှင်များ၏ သားသမီးများကိုသာ ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။ ကိုယ်တိုင် အနုပညာအလုပ်လုပ်သူ၊ အသက် ၂၁ နှစ်အောက်များကို ရွေးချယ် မည်ဖြစ်ပြီး အကယ်ဒမီအကူ မောင်မယ် များအဖြစ် ယောကျာ်းလေး၊ မိန်းကလေး ငါးဦး(သို့) လေးဦးစီကို ရွေးချယ်နေဆဲဖြစ် ကြောင်း သိရသည်။ မတ် ၂၃ ရက်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ဆုပေးပွဲ တက်ရောက်သူများကိုလည်း တစ်ဦးလျှင်ငွေကျပ် ၅ဝဝဝ $နှုန်းခန့် တန်ဖိုး ရှိအစားအသောက်များဖြင့် ကျွေးမွေး ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်း- ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)