မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲ မတ်လ ၂၃ ရက်တွင် ကျင်းပမည်

ရန်ကုန် ၁၀ ဇန်နဝါရီ 


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး  မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲ အခမ်းအနားကို  မတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင်ဝင်း၌ ကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ သိရသည်။


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ''ကျင်းပမယ့်ရက်ကတော့ မတ်လ ၂၃ ရက်ပါ။ ကျွန်တော်တို့ ရွှေထွဋ်တင်ဝင်းမှာ ကျင်းပဖို့ အကြမ်းဖျဉ်း ယာယီလျာထားပါတယ်။ သို့သော် ဒီထက်ပိုမိုပြီး တင့်တယ်တဲ့၊ ဒီထက်ပိုမိုပြီး အဆင်ပြေစွာ ခမ်းနားစွာကျင်းပနိုင်မယ့် နေရာတစ်ခုကိုလည်း ကြိုးစားနေဆဲဖြစ်ပါတယ်။ ရရှိပြီး သေချာပြီဆိုမှ အသိပေးမှာဖြစ်ပါတယ်'' ဟုပြောသည်။


၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကား ၈၃ ကားကို မြန်မာ့ရုပ်ရှင်အစည်းအရုံး နာယကကြီးများနှင့် ပြင်ပပညာရှင်များ စုစုပေါင်း ၄၇ ဦးပါဝင်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့မှ အကြိမ်ကြိမ် စိစစ်ကာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ အဓိကအမျိုးသား ဇာတ်ဆောင်ဆု၊ အဓိက အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ နောက်ခံတေးဂီတဆု၊ အသံဆု၊ တည်းဖြတ်ဆု စသည့် ထူးချွန်ဆုများကို ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါ ဆု ၁၁ ဆုအပြင် ရုပ်ရှင်တစ်သက်တာဆု အပါအဝင် ယခုနှစ်တွင် ထူးချွန်စွာ တီထွင်ဖန်တီးခဲ့ခြင်းမျိုးရှိခဲ့ပါက အထူးဆုအနေဖြင့် ကလေးသရုပ်ဆောင်ဆု၊ အဝတ်အစားအထူးဆု၊ မိတ်ကပ်ဆံပင် အထူးဆု၊ VFX.Animation အထူးဆု၊ Sound Design အထူးဆုများကိုပါ ချီးမြှင့်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


''၁၁ ဆုကို အဓိကထားချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မနှစ်က စတင်ချီးမြှင့်တဲ့ ရုပ်ရှင်တစ်သက်တာဆုကို ဒီနှစ်မှာလည်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ပုဂ္ဂိုလ်ရှိတယ်ဆိုရင်လည်း ချီးမြှင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် အထူးဆုကိုတော့ မူလသတ်မှတ်ထားတဲ့ ၁၁ ဆုထဲမှာ မပါဝင်တဲ့ မိတ်ကပ်၊ အဝတ်အစား၊ ကလေးသရုပ်ဆောင် စသဖြင့် ဒီပညာရပ်တွေထဲက ထူးထူးချွန်ချွန်ရှိလာခဲ့ရင်လည်း ချီးမြှင့်ပေးမှာဖြစ်ပါတယ်။ ၁၁ ဆုကနေ ၁၃ ဆုကြား ချီးမြှင့်သွားမှာ ဖြစ်ပါတယ်”ဟု ဦးဇင်ဝိုင်းက ပြောသည်။


မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီဆုကို ၁၉၅၂ ခုနှစ်မှစတင် ချီးမြှင့်ခဲ့ရာ ယခုအကြိမ်သည် (၆၃)ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ၂၀၁၄ ခုနှစ်မှ တာဝန်ယူကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင် (၅)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။  


(သတင်း၊သီသီမင်း/ဓာတ်ပုံ၊ဇော်မင်းလတ်)