မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် (ဒါရိုက်တာ အေဝမ်းမောင်တင်ယုနှင့် ရုပ်ရှင်စကားဝိုင်း)

အပိုင်း (၃)

ဦးတင်ယု ။ ။အဲဒီကားမှာ ကျွန်တော်ဝင်းဦးကို စမ်းထားတယ်။ စရိုက်တဲ့နေ့က love scene ကို အရင်ရိုက်တယ်။

ကြည်စိုးထွန်း ။ ။ ဪ စရိုက်ရိုက်ချင်း love scene ကို စရိုက်တာ၊ နှစ်ယောက်တည်း မင်းသမီးနဲ့။

ဦးတင်ယု ။ ။ ကျွန်တော်ဒူးတုန်တယ်။

ကြည်စိုးထွန်း ။ ။ ဪ ဒူးတုန်နေတယ်။

ဦးတင်ယု ။ ။ မသိဘူး။ ဘယ်သူမှ မသိ ရဘူး။

ကြည်စိုးထွန်း ။ ။ ဪ ဒူးတုန်တာကို လူမမြင်စေရဘူး။

ဦးတင်ယု ။ ။ ပြီးတော့မှ ပြောတယ်။ ကျွန်တော်က မောင်လှမြင့်လို့ ခေါ်တာကိုး။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။ ဝင်းဦးရဲ့ နာမည်ရင်းက မောင်လှမြင့်။

ဦးတင်ယု ။ ။ မောင်လှမြင့် မင်း နည်းနည်းဒူးတုန်နေတယ်၊

တုန်တာပေါ့တဲ့၊ အခုမှ ချက်ချင်းကြီး မင်းသမီးနဲ့ love scene ကို ကျွန်တော့်ကို မနည်းကို လုပ်နေရတာ။

ကြည်စိုးထွန်း ။ ။ အေးလေ ဆရာကလည်း စရိုက်ရိုက်ချင်းlove scene နဲ့ စရိုက်တော့ သူကဒုက္ခတွေ ရောက်သွားတာပေါ့။ အခုနေ ဦးဝင်းဦးများ ရှိနေသေးရင်တော့ သိပ်ပျော်စရာကောင်းမှာပဲနော် ဆရာ။ တကယ်တော်တဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။ သရုပ်ဆောင်တာရော၊ ဆိုတာရော တကယ့်တကယ် စွယ်စုံစွယ်စုံ၊ စာရေးတာလည်း ကောင်းပါတယ်။ ဆရာက တင်ပေးလိုက်တော့ တစ်ခါတည်းကို လုံးဝတကယ့်ကို လျှမ်းလျှမ်းတောက်မင်းသား ဖြစ်သွားတာပဲ။

 

mdn

 

ဦးတင်ယု ။ ။ နောက်ကိုယ်ပိုင် ‘မင်းထင် ရွှေမှန်’ ကိုယ်ပိုင်ကုမ္ပဏီနဲ့ ‘မင်းထင်ရွှေမှန်’ ကား ရိုက်တယ်။ နောက် ‘အလောင်းတော်ရာမ’၊ အလောင်းတော်ရာမ ကိုတော့ ဂျပန်မှာ သွားရိုက်တယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ effect တွေ လည်း ပါတယ်ထင်တယ်နော်။ Visual effect တွေ ပါတယ်ထင်တယ်။

ဦးတင်ယု ။ ။ အဲဒီတော့ ဂျပန်ကို စတုတ္ထမြောက်ပေါ့။ လေးကြိမ်မြောက်ကို ကျွန်တော်တို့က တိုကျိုကို ရောက်တာ၊ နောက် ‘မောင်တို့ချယ်ရီမြေ’။

ကြည်စိုးထွန်း ။ ။ ဪ သိပ်ကောင်းတဲ့ ကားပါ ဆရာ။ အခုဆိုရင်

သင်္ကြန်ဆိုရင် ဒီသီချင်းလေးတွေ၊ ဒီကားလေး တွေက ပြပြနေတယ်ထင်တယ်နော်။ ‘မောင်တို့ ချယ်ရီမြေ’ ကျွန်တော် သိပ်သဘောကျတာပဲ။ ဝင်းဦးကလည်းချော၊ ခင်သန်းနုကလည်းချော၊ တကယ်ကြည့်ရတာကိုကလေ။ ဒါရိုက်တာကလည်း ဖန်တီးတတ်တော့ တစ်ခါတည်းကို တကယ့်အနုပညာမြောက်၊ ဇာတ်ကားထဲကို ပါသွားတာပေါ့၊ သီချင်းတွေတောင် ကျွန်တော် မှတ်မိနေတယ်။ အဲဒီကားလေးရှိလားဆရာ အဲဒီ သီချင်းလေးကော ကျွန်တော်ပြလို့ရမလား။

ဦးတင်ယု ။ ။ အဲဒီသီချင်းတွေ၊

 

mdn

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဝင်းဦးရဲ့ ‘မောင် တို့ချယ်ရီမြေ’။

ဦးတင်ယု ။ ။ ဒီမှာ မေးကြည့်လိုက်ပေါ့။

ကြည်စိုးထွန်း ။ ။ ဪ - ဒီမှာမေးကြည့် လိုက်မယ်။ ရရင်တော့

အဲဒီသီချင်းလေးနဲ့ ဆရာရိုက်ထားတဲ့ ရိုက်ကွက်လေးနဲ့ ကျွန်တော်ပြချင်လို့ပါ။ တကယ်ကောင်းတဲ့ ကားလေးပါ ဆရာရယ် သဘော ကျတယ်။

ဦးတင်ယု ။ ။ ‘မောင်တို့ချယ်ရီမြေ’ (၂၆) ရက်ပဲ ရိုက်တယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။

 

mdn

 

ဦးတင်ယု ။ ။ ၂၆ ရက်ရိုက်ပြီးတော့ ဖလင်တွေဘာတွေဆေး။ ဒီကိုပြန်ဆင်းလာတယ်၊ နောက်တစ်ခါ ‘တပွင့်တည်း ပန်မယ်’ ကိုလည်း ၂၆ ရက်ပဲ ရိုက်တယ်။ နောက် ၁၉၆၄ ခုနှစ်ကျတော့ ‘မေတ္တာကမ္ဘာ ခြားသူ’။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ၊ ကောက်လှိုင်းရဲ့ ဝတ္ထု။

ဦးတင်ယု ။ ။ ညွန့်ဝင်း အဲဒီကားမှာ ကင်မရာ assistant ရိုက်တာ လူတိုင်း အလွန်ကြိုက်ပြီးတော့ အဲဒီကားက ပိုက်ဆံရတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။

ဦးတင်ယု ။ ။ မင်းသား ဒီလိုထောက်ပြီးတော့ မင်းသမီးက ဒီထဲမှာကတာ။

ကြည်စိုးထွန်း ။ ။ ဪ မင်းသားရှေ့မှာ လာပြီးတော့ သူစဉ်းစားတာပေါ့နော်။ စဉ်းစားတဲ့အခါမှာ မင်းသမီး လေး ကနေပြီးတော့ သူ့ရှေ့မှာ သူစဉ်းစားနေ တဲ့နေရာမှာ လာပြီးကနေတာ၊ Perspective ပေါ့နော်၊ Perspective နဲ့ Camera Trick လုပ်ထားတာ ကောင်းပါတယ် ဆရာ။

ဦးတင်ယု ။ ။ ၁၉၆၄ ခုနှစ်မှာ ရုပ်ရှင်မြှင့်တင်ရေးမှာ ပထမဆုံးရုပ်ရှင်သင်တန်း ဖွင့်တယ်။ ကျွန်တော်က မှတ်တမ်း၊ တည်းဖြတ်ဘာသာ သင်ပြတာ။

ကြည်စိုးထွန်း ။ ။ ကိုမြင့်ခိုင်တို့ အဲဒီ တုန်းက တက်တာပေါ့ဆရာရယ်။

ဦးတင်ယု ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ အခု တည်းဖြတ် အကယ်ဒမီ နှစ်ကြိမ်ရတဲ့ ကိုမြင့်ခိုင်တို့တက်တဲ့ သင်တန်းနဲ့ တူတယ် ဆရာ။

ဦးတင်ယု ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ နှစ် ဆယ် သုံးဆယ်လောက် ရှိမလားမသိဘူး။ အဲဒီတုန်းက သင်တန်းသားတွေ တော်တော်လေးများတယ် ဆရာ။

 

mdn

 

ဦးတင်ယု ။ ။ နောက် ၁၉၆၅ ခုနှစ်မှာ ‘တဆောင်းသစ်ပြန်ပြီ’။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

ဦးတင်ယု ။ ။ အဲဒီမှာ သန်းနွဲ့က သူကား တစ်ကားကို လေးပိုင်းကိုဒါရိုက်တာတစ်ယောက်၊ လေးပိုင်းကို ဆရာ ရိုက်ပေးပါဆိုလို့ အဲဒီမှာ လေးပိုင်း။

ကြည်စိုးထွန်း ။ ။ ဪ ကြည့်ဖူးသေး တယ် ဆရာရဲ့။ ဟုတ်တယ် ထူးထူးဆန်းဆန်း အဲဒီလိုအပိုင်း လေးတွေနဲ့ ကားမျိုးလေးတွေက သူလည်း လုပ်ဖူးတယ်။ နောက် ဆရာဦးသုခလည်း လုပ်ဖူးတယ်နော်။ မေ့နေပြီ ‘နန်းတလိမ် ပန်းတလိမ်’ လား မသိဘူး ဆရာ အဲဒီလိုပဲ။

ဦးတင်ယု ။ ။ ပြီးသွားတော့ ‘ဘာလိုလို’။

ကြည်စိုးထွန်း ။ ။ ‘ဘာလိုလို’ ဆရာက လေးပိုင်းတစ်ဇာတ် ယူပေးရတာပေါ့။

ဦးတင်ယု ။ ။ ဇာတ်နဲ့ တစ်ခါ ရောရိုက် ပြန်ပြီ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။

 

mdn

 

ဦးတင်ယု ။ ။ ‘မနော်ဟရီ’။

ကြည်စိုးထွန်း ။ ။ ဪ ‘မနော်ဟရီ’ ရွှေမန်း တင်မောင်ပဲ၊ ရွှေမန်းတင်မောင်နဲ့...။

ဦးတင်ယု ။ ။ ကြည်ကြည်ဌေးနဲ့။

ကြည်စိုးထွန်း ။ ။ အမ်း အဲဒါနဲ့ ခုနက ကျွန်တော် ရောနေတာ ဆရာ၊ ဟုတ်ပြီ ဆရာ။

ဦးတင်ယု ။ ။ ရွှေမန်းတင်မောင်က နည်း နည်းကြီးတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။

 

mdn

 

ဦးတင်ယု ။ ။ ကျွန်တော့်သိပ်ခင်တာ။ အဲဒါပြီးရင် ‘ညောင်ရမ်းညီနောင်’ အသံထွက်။

ကြည်စိုးထွန်း ။ ။ အဲဒါကျ ကြည့်ဖူးပြီ ဆရာ။ အဲဒီအသံထွက် ‘ညောင်ရမ်းညီနောင်’ ကျ ကျွန်တော်က ကြည့်ဖူးသွားပြီ။ မှတ်မှတ်ရရ မြင့်အောင်က တစ်ခါတည်း တောင့်တောင့်တင်းတင်းနဲ့ တကယ့်ကို ယောကျ်ားပီပီသသ ရိုက်ထားတဲ့ကား ဆရာ။ အဲဒါကလည်း ကျွန်တော်တို့ ကြားဖူးတာပေါ့ ဆရာရယ်။ မြင့်အောင်က မို့မို့မြင့်အောင်တို့ အဖေပေါ့။ သက္ကလသားပေါ့။ သူက ‘လေထဲကဖူးစာ’ တို့၊ ‘ချစ်ညီမ’ တို့ရိုက်တဲ့အခါကျ ဇာတ်နုလေးတွေလည်း ဖြစ်တယ်။ နောက်ပြီးတော့ သူကလည်း ခပ်နွဲ့နွဲ့ ခပ်အေးအေးလေး ပါတယ်။ လူကလည်း နည်းနည်းလေး လူကောင်လေးက သေးသေးတာပေါ့ ဆရာရယ်။ ဒီ ‘ညောင်ရမ်း ညီနောင်’ လောက်မကြီးသေးဘူးပေါ့။ အဲဒီမှာသူက သူ့ကို အမျိုးသမီးတွေက တအားကြိုက်တယ်။ အမျိုးသမီးတွေက တအားကြိုက်တဲ့အခါကျတော့ အမျိုးသားတွေက သဘောမတွေ့ဘူး ထင်ပါတယ်။ ဟာ ဒီကောင်မိန်းမလျာပါကွာ ဘာညာ ဒီလို ပြောတာကို၊ ပြောတော့ နာမည်လေးက နည်းနည်းလေး ကျသွားချင်တယ်။ ဆရာ ဒီ ‘ညောင်ရမ်းညီနောင်’ မှာ တစ်ခါတည်း ဝိတ်တွေ ဘာတွေ ကစား။ လက်မောင်းသားကြီးတွေ ဘာကြီးတွေနဲ့ သူကနေပြီးတော့ ဓားတွေ ဘာတွေ ခုတ်ပြလိုက်တော့ နာမည် ပြန်တက်လာတယ် ဆရာ။

ဦးတင်ယု ။ ။ နဂိုကတည်းက သူက ယောကျ်ား တကယ်ပီသတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ ခပ်ပေပေ ခပ်တေတေနော်။

ဦးတင်ယု ။ ။ ခပ်ပေပေ ခပ်တေတေ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။

ဦးတင်ယု ။ ။ ကားတွေရိုက်တော့တာ မိန်းမလျာလိုလို ဘာလိုလိုနဲ့။

ကြည်စိုးထွန်း ။ ။ အေးအေးလေးနဲ့နော် နွဲ့နွဲ့လေး။

ဦးတင်ယု ။ ။ အပြင်မှာ...။

ကြည်စိုးထွန်း ။ ။ ဆိုးဆိုးပေပေ ထဲကလား(ရယ်လျက်) ကြားတယ် ဆရာ၊ သူက နောက်နောက်ပြောင်ပြောင် ဆိုးဆိုးပေပေပေါ့လေ။ အဲဒီလိုပေါ့ သူက အဲဒီလိုနေတတ်တယ်ဆိုတာ သူ့သူငယ်ချင်းတွေ ပြောတာ။ ကျွန်တော်ကြားဖူးတယ်။ ဒီကားထဲမှာတော့ သူကတကယ့်ကို ကောင်းတယ်ဆရာ။ သူတင်ကောင်းတာမဟုတ်ဘူး သူနဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဗီလိန်ပေါ့ ဆရာ မျိုးညိမ်းတို့၊ စံတင်တို့။

ဦးတင်ယု ။ ။ လှံမင်းသားစံတင် ဖြစ်သွားတယ်လေအဲဒီမှာ။

ကြည်စိုးထွန်း ။ ။ ဪ အဲဒီကားနဲ့ ဟုတ်တယ် ဆရာ၊ ဗီလိန်ဦးစံတင်ကြီးက လှံကစားပြရင်းနဲ့ သူက လှံမင်းသားဆိုတဲ့ နာမည်ရပြီးတော့ နောက်ကျတော့ ‘မက္ခရာဓား’ ဘာညာထိအောင် လှံမင်းသား စံတင်က မင်းသားထိအောင် ဖြစ်သွားတယ်နော် ဆရာ။ အဲဒီကစတာပဲ။ ဟိုမှာလည်း ကောင်းတယ်ဆရာ။ ‘ဗန်တိုလူလေးနဲ့သူဇာ’ လည်း သူဇာတ်ပို့သိပ်ကောင်းတယ် ဆရာ။ ဆရာတို့ ဒါ လမ်းဖွင့်ပေးလိုက်တဲ့ လူကြမ်း မင်းသားတွေပေါ့နော် ဆရာ။

 

mdn

 

ဦးတင်ယု ။ ။ ၁၉၆၆ ခုနှစ်မှာ ‘ချစ်မြေ’ ဇာတ်ကား ပြန်ကြားရေးကရိုက်တာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ ‘ချစ်မြေ’က နိုင်ငံတော် ရိုက်တယ်ပြောရမှာပေါ့ ဆရာ။ အဲဒီမှာ ဆရာက director of photography ဒါရိုက်တာက ဦးတင်မောင်။

 

mdn

 

ဦးတင်ယု ။ ။ နောက် ‘ဘယ်ခြောက်ခါ ညာလှမ်းလို့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ မြင့်အောင်၊ တင်တင်အေး။

ဦးတင်ယု ။ ။ ကရာတေးကို အရင်ဆုံး ဇာတ်ကား ရုပ်ရှင်ရိုက်တာ။

ကြည်စိုးထွန်း ။ ။ ဪ ကရာတေးကို ဟုတ်ကဲ့ ဆရာ ဓူဝံရဲ့နယ်လီဝင့်ဆိုတဲ့ ဝတ္ထုပေါ့ ဆရာနော်။

 

mdn

 

ဦးတင်ယု ။ ။ ၁၉၆၇ ခုနှစ်မှာ ‘မောင် ချစ်တဲ့သူ အငိုတိတ်အောင်’၊အဲဒီမှာ ဘာကို သွားသဘောကျကြသလဲဆိုရင် မင်းသားစာရေးဖို့ လက်လှုပ်လိုက်တာ မင်အိုးကို တိုက်ပြီး မင်အိုးက ဖိတ်သွားတယ်။ မင်ကနေ ကောင်မလေးဖြစ်သွားတယ်။

ကြည်စိုးထွန်း ။ ။ ဪဪ Animation ပေါ့ ဆရာ၊ Camera Trick ကို Animation နဲ့ ဆရာ လုပ်လိုက်တာပေါ့ နော်။

ဦးတင်ယု ။ ။ အဲဒီဟာလည်း စံရှားတင်ပဲ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။

ဦးတင်ယု ။ ။ အဲဒီအထဲမှာလည်း အငြိမ့် သမပဲ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

ဦးတင်ယု ။ ။ မင်ကနေဖြစ်သွားပြီး အငြိမ့် သမလို ထကတာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ၊ ဆရာ ရိုက်ထားတာ ခုနမင်းသားကကော ရှိသေးလား၊ မင်းသားက အကြီးကြီး မင်းသမီးက သေးသေးလေးနဲ့ကတာလား။ ဪ အဲဒီလို အဲဒါ ‘မောင်ချစ် တဲ့သူ အငိုတိတ်အောင်’ ကောလိပ်ဂျင် နေဝင်းနဲ့ စံရှားတင်၊ ဦးကျောက်လုံးလည်း ပါတယ်။

ဦးတင်ယု ။ ။ နောက် ‘တယောက်တစ်နေရာ’။

ကြည်စိုးထွန်း ။ ။ မင်းသား မြင့်အောင်ပဲ ဆရာ၊ တင်တင်အေး၊ မောင်ကိုဦး။

ဦးတင်ယု ။ ။ ၁၉၆၈ ခုနှစ် ‘တံခါးခေါက်သံ’။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ မောင်ကိုဦးပဲနော် ဆရာ သီချင်းလား။

ဦးတင်ယု ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ ဪ အဲဒီသီချင်းက ဦးကျော့မှူး စပ်တဲ့ သီချင်း။

ဦးတင်ယု ။ ။ မျက်လုံးချင်း စကားပြော နေသည်။

ကြည်စိုးထွန်း ။ ။ ဪ မျက်လုံးချင်း စကား ပြောနေသည်အဲဒါလည်း အခုထိပေါ့ ဆရာရယ် ခေတ်စား နေတဲ့ သီချင်းလေးပဲ ဆရာ၊ ကျွန်တော်တော့ မရဘူး။ ဆရာရရင် ဆိုပြပါလား။

ဦးတင်ယု ။ ။ ကျွန်တော်လည်း မရဘူး။ အဲဒီသီချင်းကို ဂျပန်ကပြန်လာပြီး ဂျပန်အချိုးကို ယူလာတာ။

ကြည်စိုးထွန်း ။ ။ ဪ ဂျပန်က မယ်လို ဒီကို ယူပြီးတော့။

ဦးတင်ယု ။ ။ ဒီမှာ ကိုကျော့မှူး လာ ထည့်တာ။

ကြည်စိုးထွန်း ။ ။ ဪ ဦးကျော့မှူး၊ စာ ထည့်လိုက်တာ။ အဲဒါလည်း အခုထိ ခေတ်စားနေတယ် ဆရာ။ အဲဒီသီချင်းလေးက နားထောင်လို့ကောင်း တယ်။ မျက်လုံးချင်းစကားပြောနေသည် မောင်သိန်းဝင်းဆိုတာ နားထောင်လို့ သိပ် ကောင်းတယ်။

ဦးတင်ယု ။ ။ သူကလည်း မျက်လုံးချင်း စကားပြောစရာရှိတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။

ဦးတင်ယု ။ ။ ‘တံခါးခေါက်သံ’ ကို ကန် တော့ပွဲပေးတာ ရွှေမော် ဓောမှာ။

(ဆက်လက်ဖော်ပြပါမည်)