အပိုင်း (၂)
ကြည်စိုးထွန်း ။ ။ ‘မြတဘက်’ လည်း နာမည် ကြီးတာပဲ ဆရာ။ ကျွန်တော် မှတ်မိတယ် ‘မြတဘက်’ က အေးကြူကနေပြီးတော့ ဒါရာဇဝင် ဇာတ်လမ်းပေါ့နော် ဆရာ။ ဒီမြတဘက်လေးကို ခြုံလိုက်တာနဲ့ သူက မိန်းမအသွင် ပြောင်းသွားတာ ဆရာရယ်။ အခုတော့ သိတာပေါ့ ဆရာရယ်။ cut-trick ဆိုတာ သိတာပေါ့။ အဲဒီတုန်းကတော့ ငယ်လည်း ငယ်တော့ ၁၁ နှစ်သား၊ ၁၂ နှစ်သား ကြည့် ရတဲ့အခါမှာ သိပ်သဘော ကျတာပဲ။ တစ်ခါတည်း အေးကြူက ဒီမြတဘက်လေးကို ခြုံလိုက်ရင် မိန်းမဖြစ်သွားရော။ အဲဒီအခန်း သိပ်သဘောကျတာ ဆရာ။
ဦးတင်ယု ။ ။ ရတနာပုံက။
ကြည်စိုးထွန်း ။ ။ ကြာကူလီ။
ဦးတင်ယု ။ ။ အဲဒါကို ဖြေသိမ့်တဲ့ သဘောနဲ့ မြတဘက်ကို ရိုက်ပေးတာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ပြီ ဆရာ ပထမ တုန်းကတော့ ရတနာပုံ မှာဆိုရင် သူက သက်ညွန့်နေရာက။ သက်ညွန့်နေရာ ရတနာပုံမှာ သူက ကြည်ကြည် ဌေးကို ကြာကူလီရိုက်ရတဲ့နေရာ၊ သိပ် ကောင်းတာပဲ ဆရာ၊ သူက သိပ်ကောင်း လွန်းအားကြီးတာနဲ့ တစ်ခါတည်းသူ့ကို ကြာကူလီ သက်ညွန့်ဆိုပြီးတော့ အဲဒီ လောက်အထိကို သူ့ကိုစွဲပြီးတော့ မုန်းသွား တာ ဆရာ။ ပရိသတ်က ရွံမုန်းသွားတာ၊ ဒါပေမယ့် ဒီ ‘မြတဘက်’ ကျတော့ လည်း ကောင်းတာပဲ ဆရာ၊ ‘မြတဘက်’ ကျတော့ လည်း အေးကြူက တော်တော်ကို ကောင်း တာနော်။ အဲဒီမှာ ဆရာ နာမည်ပြန်ဆယ်ပေး တာပေါ့ ဆရာ။ တစ်ခု ဆရာ ကျွန်တော်အခု မှတ်မိလို့ပေါ့။ ဒီမှာ ဆရာနဲ့ ပြောရင်းနဲ့ မှတ်မိတာ။ ဆရာ ပထမ ‘မြတဘက်’ ရိုက် တုန်းက ဟိုဘက်က ကျွန်တော်တို့ ဦးရွှေရိုး၊ ဦးရွှေရိုး ကနေပြီးတော့ တစ်ခါ ဖိနပ်တစ်ဖက် ဆိုပြီး ရိုက်ဖူးလား မသိဘူး။
ဦးတင်ယု ။ ။ မဟုတ်ဘူး။
ကြည်စိုးထွန်း ။ ။ ဟုတ်လား။ ဪ - ဒီဘက်က မြတဘက်၊ ဟိုဘက်က ဖိနပ်တစ်ဖက် အပြိုင်ရိုက်တာ၊ အပြိုင်အဆိုင်တွေပေါ့လေ။ ဟုတ်ပါပြီ ဆရာ။ တစ်ခါပြောသလိုပေါ့ ဟုတ်လား။ ဆရာ ရွှေဒုံးဘီအောင်ကို ဆရာက ကြေးဒုံးကြီး ကြေးဒုံးကြီး ခေါ်သလို လူများက ရွှေဒုံးလို့ ေါ်တယ်။ ဆရာက ကြေးဒုံးလို့ ခေါ်တယ်။ ဒီလိုပေါ့ တစ်ဖက်နဲ့တစ်ဖက်က အပြိုင်လည်း အပြိုင်အဆိုင်၊ ဘယ်လိုခေါ်မလဲ တစ်ခါတလေကျတော့ တစ်ယောက် တစ်ယောက် နှိမ်ပြီးတော့ လုပ်ကြတာတွေ ပျော်စရာပေါ့ ဆရာရယ်နော်။
ဦးတင်ယု ။ ။ ကျွန်တော်နဲ့ အေဝမ်းမှာ အခင်ဆုံးသူနဲ့။
ကြည်စိုးထွန်း ။ ။ ဪ- ဟုတ်ကဲ့ ဆရာ။ ဆရာရွှေဒုံးနဲ့ ကြေးဒုံး။
ကြေးဒုံးနဲ့ ဆရာရွှေဒုံးကလည်း ပြောရင်ဆိုရင်လည်း ဝေါဝေါဒိုင်းဒိုင်းနဲ့ ခပ်သွက်သွက်နဲ့နော်။ ပွင့်ပွင့်လင်းလင်းနဲ့နော်။
ဦးတင်ယု ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း ။ ။ ဒါ ကောင်းပါတယ်။
ဦးတင်ယု ။ ။ အဲဒီ (၅၆) ခုမှာ ဂျပန်ကို စသွားပြီ။
ကြည်စိုးထွန်း ။ ။ ဪ - ဂျပန်စသွားပြီ။ ဟုတ်ကဲ့ ဆရာ ဟုတ်ကဲ့။
မြဇော်အတွက် မြဇော်ဖလင်အတွက် ဆရာ ဂျပန်စက်တွေ သွားဝယ်တာထင်တယ်။ ရုပ်ရှင်ရိုက်တဲ့ စက်တွေ။
ဦးတင်ယု ။ ။ ဟိုမှာ သွားကြည့်တော့ ဂျပန်ဒါရိုက်တာတွေကလည်း ကိုယ်တွေရပ်ချင်ရင် ဟိုးဟိုးလို့ ဒီမှာ အော်တယ်။ ဂျပန်မှာတော့ cut ဆိုပြီး အော်တယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ ပြန်လာတော့ ဟောင်ကောင်ဝင်တော့လည်း ဟောင်ကောင်ဒါရိုက်တာကလည်း cut ပဲ အော်တယ်။ အဲဒီတော့ ကျွန်တော်လည်း ငါ cut ဆက်အော်မှပဲ။ ဗမာပြည် (၅၆) ဗမာပြည်ရောက်တော့ ကျွန်တော် love scene လေးတစ်ခုရိုက်တယ်။ ရိုက်တော့ ကင်မရာနဲ့ အသံကိုပဲ ပြောထားတယ်။ ကျွန်တော်က cut ဆိုအော်လိုက်တယ်။ မင်းသား မင်းသမီးက မင်းသားက ကပ်ခိုင်းတယ်မှတ်လို့ ကပ်သွားတယ်။ cut ဆို ပိုကျယ်ကျယ်အော်တယ်။ ပိုကပ်သွားတယ်။ ဟေဟေ မင်းတို့မပြောဘူး။ sorry ဆိုတော့မှ cut ဆိုတာ ‘ဟိုး’ အစားအော်တာ။ ဒါကြောင့်မို့ ကျွန်တော် က ပထမဆုံးပဲ။
ကြည်စိုးထွန်း ။ ။ ဪ cut ဆိုတာ။
ဦးတင်ယု ။ ။ အခုလည်း ဒီအတိုင်းပဲလေ။
ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ် ဆရာ။ ကျွန်တော်တို့လည်း cut ပဲ အော်တာ။ နိုင်ငံတကာမှာလည်း cut အော် တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့အရင် ဆရာ့အရင်တုန်းက ဆရာတို့ ဦးလေးတွေရော၊ ဆရာ အရင် ဆရာကြီးတွေရောက ရပ်ချင်ပြီဆို ‘ဟိုး’ လို့ အော်တာကိုနော်။
ဦးတင်ယု ။ ။ အဲဒါ အာအက်(စ်)အေ ဘတ်စ်ကားက လက်မှတ်ရောင်းတဲ့ ကုလားအော်တာ ဟိုးဟိုး ကားတွေ ရပ်စေချင်လို့ ဟိုး။
ကြည်စိုးထွန်း ။ ။ မှန်တာပေါ့ ဆရာ။ ကား တွေရပ်စေချင်လို့ ဟိုးဟိုး နဲ့ အော်တာ။
ဦးတင်ယု ။ ။ အဲဒီကနေ ဆင်းသက်လာတယ်နဲ့ တူတယ်။
ကြည်စိုးထွန်း ။ ။ ရုပ်ရှင်ထဲကို ရောက်လာတယ်။ ဒါပေမယ့် သူ့ရဲ့စကားအမှန်ကတော့ cut အမှန်ဖြစ်ပါတယ် ဆရာ။ ဒါကို ဆရာကစပြီးတော့ ၅၆ ခုနှစ်မှာ ဆရာ cut ဆိုတဲ့ စကား စသုံးတယ်။ သုံးတဲ့နေရာလည်း လွဲသွားတာကိုး။ ဆရာ love scene မှာ သွားသုံးတော့ မင်းသားအကြိုက် ဖြစ်သွားတာပေါ့။ ကပ်ဆိုတော့ ဖိကပ်တော့တာပဲ ဟုတ်ပါပြီဆရာ။ ဒါ ကျွန်တော်လည်း ပထမဆုံးကြားရတာပေါ့နော်ဆရာ။ အခုတော့ မင်းသားတွေကတော့ သိသွားပြီပေါ့လေ။ cut လို့အော်တာ ရပ်ခိုင်း တာပါလားဆိုတာ သိသွားပြီ၊ သိပ်မကပ်ကြတော့ပါဘူး။
ဦးတင်ယု ။ ။ ‘လောကဓံပန်းချီ’။
ကြည်စိုးထွန်း ။ ။ ‘လောကဓံပန်းချီ’ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ ‘လောကဓံပန်းချီ’ တုန်းက ကျွန်တော် ပဲခူးက အရေးပိုင်ကြီးကို သွားတောင်းပန်ရတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ ကန်ထရိုက်က ကားပြတော့ဘယ်လို ကြော်ငြာသလဲဆိုတော့ ပဲခူးအရေးပိုင် သမီးရဲ့အတ္ထုပ္ပတ္တိဆိုပြီး။
ကြည်စိုးထွန်း ။ ။ ကြော်ငြာတော့ အရေးပိုင်က။
ဦးတင်ယု ။ ။ တရားစွဲရော။
ကြည်စိုးထွန်း ။ ။ နေပါဦး ဆရာ၊ တကယ့် ဇာတ်လမ်းကရော အဲဒီအတိုင်း ဟုတ်လား။
ဦးတင်ယု ။ ။ နည်းနည်းတော့ ဆင်တယ်လို့ ပြောတယ်။
ကြည်စိုးထွန်း ။ ။ နည်းနည်းတော့ ဆင်တယ်ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ သူ့သမီးကလည်း စန္ဒရားသင်တယ်။
ကြည်စိုးထွန်း ။ ။ ဪ - သူ့သမီးက စန္ဒရား သင်တယ်။ ဆရာ့ရဲ့ ကားထဲက မင်းသမီးကလည်း။
ဦးတင်ယု ။ ။ စန္ဒရားသင်တယ်။
ကြည်စိုးထွန်း ။ ။ စန္ဒရားသင်တယ်။
ဦးတင်ယု ။ ။ စန္ဒရားသင်တဲ့ ကောင်လေးနဲ့ ကြိုက်တယ်။
ကြည်စိုးထွန်း ။ ။ ဪ - တစ်လတစ်ခါ လောက်သွားရတယ်။
ဦးတင်ယု ။ ။ ရုံးချိန်းလေ။
ကြည်စိုးထွန်း ။ ။ ရုံးချိန်းသွားရတာ ဟုတ်ကဲ့။
ဦးတင်ယု ။ ။ ပြီးတော့‘မိုးပြာအောက် က မေ’ (၅၇) ခုမှ ဂျပန်သွားတဲ့ဟာ ဂျပန်ရုပ်ရှင်ပွဲတော်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ ပြီးတော့ (၅၉) မှာ ‘ကျော် တော့ လှေသူကြီး’။
ကြည်စိုးထွန်း ။ ။ ဖိုးပါကြီး။
ဦးတင်ယု ။ ။ ဝင်းဇော်ကို တင်ရိုက်တာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ နောက် ‘မခွဲတမ်းကြင်မယ်’။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ ‘မခွဲတမ်းကြင်မယ်’ ကျ သိန်းဇော်နှမတွေ။
ကြည်စိုးထွန်း ။ ။ ဪ။
ဦးတင်ယု ။ ။ နုနဲ့မေသန်း သူတို့ရေး တယ် သူတို့ဇာတ်ညွှန်း။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ မင်းသား သိန်းဇော်ရဲ့နှမတွေက ဇာတ်ညွှန်းတွေ ရေးတယ်။ သိန်းဇော်က ဆရာနဲ့ဆိုရင် ညီအစ်ကိုဝမ်းကွဲပေါ့။
ဦးတင်ယု ။ ။ ညီအစ်ကိုဝမ်းကွဲ၊ (၆၀) ကျတော့ ‘သွေးစုပ်ဖုတ်ကောင်’။
ကြည်စိုးထွန်း ။ ။ ကြောက်စရာကောင်း တာပဲ ‘သွေးစုပ်ဖုတ်ကောင်’ တောင် ရိုက်တယ်။
ဦးတင်ယု ။ ။ မြစကြာနဲ့ပဲ ရိုက်တယ်။
ကြည်စိုးထွန်း ။ ။ မြစကြာ၊ မြစကြာဆို တာ ကျွန်တော်တို့ငယ်ငယ်တုန်းက တစ္ဆေသရဲဝတ္ထုရေးတာ သိပ်ကောင်းတာ ဆရာ၊ သူ့စာအုပ်က မဖတ်ဘဲလည်း မနေနိုင်ဘူး။ ဖတ်ရင်ညကျကြောက်တာပဲ၊ အဲဒီမြစကြာနဲ့ ဆရာနဲ့ကသိလား။
ဦးတင်ယု ။ ။ သိတယ်။
ကြည်စိုးထွန်း ။ ။ ဪ- ဒါနဲ့ သူ့နာမည်ကို ယူပြီးတော့ ဒါ ရိုက် လိုက်တာ၊ သူ့နာမည်နဲ့ ရိုက်ပေးတာ။
ဦးတင်ယု ။ ။ ရိုက်ပေးတာ၊ ဝတ္ထုက ကျွန်တော်က ပြောပြတယ်။ ဒါလေးကို ရေးပေးပါ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
ဦးတင်ယု ။ ။ ဇာတ်ကြောင်းလေးတွေ၊ ဆိုတော့ သူ့နာမည်နဲ့ရိုက်လိုက်တယ်။
ကြည်စိုးထွန်း ။ ။ ဪ - ဒါရိုက်တာ မြစကြာနာမည်နဲ့ ဆရာ ရိုက်ပေးလိုက်တာပေါ့နော်။
ဦးတင်ယု ။ ။ အဲဒီ (၆၀) မှာပဲ ကျွန်တော့် ယောက်ဖ ကိုမြမောင်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ။
ဦးတင်ယု ။ ။ ‘မေတ္တာရွှေရည်’။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ မြဇော် ဖလင်က ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ ‘မေတ္တာရွှေရည်’ မှာ ကျွန်တော်က ဓာတ်ပုံကို တာဝန်ယူပြီး ရိုက်တာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ director of photography ဆရာ၊ အဲဒီမှာ ဆုရတာပဲမှတ်လား ‘မေတ္တာရွှေရည်’ မှာ။
ဦးတင်ယု ။ ။ ဆုယူမယ်လို့ ပြောပြီး တော့ကို ရိုက်တာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ ‘မေတ္တာ နဲ့ရွှေရည်’ မှာ ဓာတ်ပုံ အကယ်ဒမီဆုရပြီးတော့ နောက် ဘာကား ဆက်ရိုက်လဲ ဆရာ။
ဦးတင်ယု ။ ။ ‘အဝိုင်းနဲ့ လေးထောင့်’၊ အ ဝိုင်းနဲ့ လေးထောင့်က ကျွန်တော့်နာမည်နဲ့ မဟုတ်ဘူး။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ သန့်စင်ဆိုတဲ့ နာမည်နဲ့။
ကြည်စိုးထွန်း ။ ။ ဪ - သန့်စင်ဆိုတဲ့ နာမည်နဲ့ ဟာသကားနော်ဆရာ အဲဒီကားက။
ဦးတင်ယု ။ ။ ၆၀ ခုနှစ်က နည်းနည်း ထူးခြားတယ်လို့ ပြောရမယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ ‘မေတ္တာရွှေရည်’ မှာ ဆုရ တယ်၊ ကိုယ်ပိုင်မြနန္ဒာရုပ်ရှင် ထောင်တယ်။
ကြည်စိုးထွန်း ။ ။ ဪ - မြနန္ဒာ ရုပ်ရှင် လည်းထောင်လိုက်သေးတယ်။
ဦးတင်ယု ။ ။ ‘အောင်ခြင်း ရှစ်ပါး’ ဆုရမလို့။
ကြည်စိုးထွန်း ။ ။ အောင်မင်္ဂလာက။
ဦးတင်ယု ။ ။ အောင်မင်္ဂလာက၊ အဲဒါ ကူး ဆေးအတွက် ဂျပန်ကို သွားတယ်။
ကြည်စိုးထွန်း ။ ။ ဪ- ဦးခင်မောင်ညွန့် ပေါ့နော်၊ မင်းသား ခင်မောင်ညွန့်၊ ကြည်ကြည်ဌေး၊ တင်ထွန်းတို့ပါတဲ့ ကားထင်တယ်၊ ‘အောင်ခြင်းရှစ်ပါး’၊ အဲဒါကို ဆရာက ဆေးရောင်စုံကူးဆေးအတွက် လိုက် လုပ်ပေးရတာပေါ့နော် ဆရာ၊ ဂျပန်ကို တစ်ခါ သွားသေးတယ်၊ သုံးခါရှိသွားပြီ၊ ဆရာဂျပန် သွားတာ သုံးခါရှိသွားပြီ။
ဦးတင်ယု ။ ။ (၆၁) ကျတော့ ‘ဝိမာန’ မြင်ကွင်းကျယ်။
ကြည်စိုးထွန်း ။ ။ ဒါလည်း ထူးခြားတယ်ဆရာ၊ ဘာလို့ထူးခြားသလဲဆိုတော့ ကျွန်တော်တို့ဇာတ်နဲ့ပေါ့ ရာဇဝင်ကားကို မရိုက်ဖူးသေးဘူး ဆရာ အခုထိ၊ ဆရာက ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက နာမည်ကြီးတဲ့ မင်းသားကြီး ရွှေမန်းတင်မောင်နဲ့ ကြည်ကြည်ဌေးနဲ့။
ဦးတင်ယု ။ ။ အမ်း- အဲဒီမှာလည်း ရွှေမန်း တင်မောင်နာမည်နဲ့ ရိုက်ပေးတာ။
ကြည်စိုးထွန်း ။ ။ ဟုတ်လားဆရာ၊ ဆရာ နာမည်မခံဘူးပေါ့။
ဦးတင်ယု ။ ။ မခံဘူး။
ကြည်စိုးထွန်း ။ ။ ဆရာ ကြည်ကြည်ဌေး ပါလား။ အဲဒီကား မပါဘူး ထင်တယ်နော်။
ဦးတင်ယု ။ ။ မပါဘူး။
ကြည်စိုးထွန်း ။ ။ မပါဘူး။ သူ့ထဲက မင်းသမီးပဲ။
ဦးတင်ယု ။ ။ ဇာတ်ကိုရသပဲ။
ကြည်စိုးထွန်း ။ ။ ဪ- ဟုတ်ကဲ့။ ဒါပေ မယ့် outdoor ရိုက်သေးလား၊ ဇာတ်ခုံပေါ်မှာပဲလား။
ဦးတင်ယု ။ ။ ဇာတ်ခုံကပြီး outdoor ထွက်ရိုက်တယ်။
ကြည်စိုးထွန်း ။ ။ ဪ- outdoor ထွက် ရိုက်တယ်။
ဦးတင်ယု ။ ။ ဇာတ်ခုံကပြီးရင် ကြည့်ရတာ မျက်စိရိုးနေမှာစိုးလို့ outdoor ထွက်ရိုက်တယ်။
ကြည်စိုးထွန်း ။ ။ ၁၉၆၁ မှာ ‘ဝိမာန’ ဆိုတဲ့ မြင်ကွင်းကျယ်နော် ဆရာအဲဒါ။
ဦးတင်ယု ။ ။ မြင်ကွင်းကျယ် နှစ်ကိုယ်ခွဲ ပထမစရိုက်တယ်။ ရိုက်ပြီးတော့ ထုံးစံအတိုင်း mask ကို နည်းနည်းလေးပဲထပ်လိုက်တယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
ဦးတင်ယု ။ ။ မြင်ကွင်းကျယ်ကိုး။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ မြင်ကွင်းကျယ် ဆိုတော့ မြဇော်ကလည်း ရိုက်ပြီးရင် ချက်ချင်းလိပ် ချက်ချင်းကူးတာ။
ကြည်စိုးထွန်း ။ ။ ဪ- ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ လိုင်းကြီးအကြီးကြီးပဲ။
ကြည်စိုးထွန်း ။ ။ ဪ - လိုင်းကြီးက အကြီးကြီးပေါ်နေတာ ဟားဟားဟား mask ခံထားတဲ့ ကြားထဲက လိုင်းက အကြီးကြီးပေါ်နေတာ။
ဦးတင်ယု ။ ။ ချဲ့လိုက်တာကိုး။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ၊ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ မြင်ကွင်းကျယ်ဆိုတော့။
ကြည်စိုးထွန်း ။ ။ ဆွဲချဲ့တာကိုး။
ဦးတင်ယု ။ ။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ mask ခံမယ့်နေရာကျတော့ တိုင်တစ်လုံး ထောင်လိုက်တယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
ဦးတင်ယု ။ ။ အဲဒီတိုင်မှာ လာထပ်လိုက်တယ်။
ကြည်စိုးထွန်း ။ ။ ဪ-တိုင်ကျယ်လည်း ကျယ်တော့ ကိစ္စမရှိတော့ ဘူး။ Anamorphic ပေါ့နော် ဆရာ။ Anamorphic lens နဲ့ ရိုက်တာပေါ့ ဟုတ်ကဲ့ ဆရာ။
ဦးတင်ယု ။ ။ ကိုဝင်းဦးနဲ့ ‘နှစ်ယောက် ထဲနေချင်တယ်’။
ကြည်စိုးထွန်း ။ ။ ဪ - ဒါ အင်မတန် နာမည်ကြီးတဲ့ မင်းသားကြီးဝင်းဦးရဲ့ ပထမဆုံးကား ‘နှစ် ယောက်ထဲနေချင်တယ်’ တင်တင်မူနဲ့ ဒေစီကျော်ဝင်းလည်းပါတယ်။ သူ့ညီ အောင်မိုးလည်း ပါတယ်၊ သီချင်းတွေလည်း သိပ်ကောင်းတယ်၊ အဲဒီထဲက သီချင်းတွေက အခုထိ၊ အခုခေတ်ထိပေါ့နော် တစ်ခါတည်း ရေပန်းစားနေတုန်းပဲ၊ ကျွန်တော်မှတ်မိသေး တယ် ဆရာရသေးလားမသိဘူး “ မီးပုံပွဲ မှာ စုကာဝေးကာ ’’။
ဦးတင်ယု ။ ။ “ နှစ်ယောက် အတူနေချင်တယ်။
ကြည်စိုးထွန်း ။ ။ “ နှစ်ယောက် အတူ နေချင်တယ် ဟားဟား ဟားဟား ကောင်းတယ်ဆရာ၊ အဲဒီသီချင်း တွေ နာမည်ကြီးနော်၊ နှုတ်ခမ်းမွေးနဲ့ ဝင်းဦးကလည်း ချောလိုက်တာ၊ တင်တင်မူနဲ့၊ ဆရာ ဇာတ်နုလေးနော် အဲဒါ၊ ဇာတ်နုလေး၊ ဝင်းဦးရဲ့ ဝတ္ထုပဲဆရာနော် ဝင်းဦးရဲ့ ဝတ္ထု ပဲ။
ဦးတင်ယု ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း ။ ။ ဝင်းဦးရဲ့ ဝတ္ထုပဲ ရိုက်ထားတာ။ ဝင်းဦးတစ်ခါတည်းကို နာမည်တက်သွားတာပဲ။
(ဆက်လက်ဖော်ပြပါမည်)