မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမအမွေ စောင့်ထိန်းကြစို့လေ

ဘကြီးကောင်း 

မောင်မြင့်အေးရေ ...
၂၀၂၂  ခုနှစ်  (၂၃)  ကြိမ်မြောက်    မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲကို နိုင်ငံတော်က ခံ့ညားထည်ဝါစွာ မကြာမီ ပြန်လည် ကျင်းပတော့မယ်။ ဇာတ်သဘင်ပြိုင်ပွဲမှာ ရာမာယဏ ဇာတ်တော်ကြီးကိုလည်း ထည့်သွင်းယှဉ်ပြိုင်သွားဦးမယ်တဲ့။ ဘကြီးကောင်းကတော့ တောမှာမွေး၊ တောမှာပဲကြီးပြင်းလာခဲ့တော့ ဇာတ်တို့၊ အငြိမ့် တို့ကို ကြိုက်သကွဲ့။

ရှေးကတော့ အမြင့်သဘင်(ရုပ်သေး)၊  အနိမ့် သဘင်(မြေဝိုင်းဇာတ်)နဲ့ အငြိမ့်သဘင်တို့ကို သဘင် သုံးရပ်ရယ်လို့ဆိုကြတယ်။ အမြင့်သဘင်(ရုပ်သေး)က ရှေးရှေးကတည်းက ထီးသုံးနန်းသုံးဖြစ်ခဲ့လို့ အောင်မြင်ကျော်ကြားခဲ့ပြီး      အနိမ့်သဘင်ခေါ် မြေဝိုင်းဇာတ်ကတော့ ဦးစိန်ကတုံး၊ ဦးဖိုးစိန်တို့ ခေတ်ကျမှသာ ထင်ရှားကျော်ကြားလာခဲ့တယ်လို့ ပညာရှင်များက ဆိုကြတယ်။ အငြိမ့်သဘင်ကတော့ သက်တမ်းအားဖြင့် နှစ်ပေါင်းတစ်ရာကျော်ခန့်သာ ရှိပြီး မန္တလေးက စသလိုလို၊ မော်လမြိုင်က စသလိုလို ဆိုကြတယ်။

အငြိမ့်တွေဆို ပရိသတ်က သဘောကျနှစ်ခြိုက်

အငြိမ့်နဲ့ဇာတ်ကွဲပြားမှုကတော့ ဇာတ်သဘင် မှာ အပျိုတော်ခန်း၊ သစ္စာထားခန်း၊  တိုင်းပြည် တည်ခန်းကအစပြုပြီး   ဇာတ်ထုပ်ခင်းကြတယ်။ အငြိမ့်သဘင်မှာတော့ ဖော်ပြပါ  အခန်းတွေမပါဘူး။ အငြိမ့်ကိုကြည့်ရင် အဆိုကောင်း၊ အပြောကောင်း၊  အကကောင်းနဲ့  ရယ်ရွှင်ဖွယ်ရာတွေကို  ခံစားကြ ရမယ်။ လူပြက်(လူရွှင်တော်)ကောင်းတဲ့ အငြိမ့်၊ အဆို (အသံ)ကောင်းတဲ့အငြိမ့်၊   အကကောင်းတဲ့ အငြိမ့်တွေဆို   ပရိသတ်က  သဘောကျနှစ်ခြိုက် ကြတယ်။

ရှေးခေတ်မင်းသမီးတွေက  ကကြိုးစုံအောင် ကတတ်ကြတယ်။ အငြိမ့်မင်းသမီးဟူက  ရည်းစား မျှော်တတ်ရတယ်။ ရည်းစားမျှော်အဆို၊ အကဆိုတာ  အငြိမ့်မင်းသမီးရဲ့ အရည်အချင်းရှိ၊ မရှိ ပညာပြခန်း ပဲ။ ရှေးခေတ်အငြိမ့်မင်းသမီးကြီးတွေထဲမှာ ယူနီဗာ စတီ မြသန်းကြည်၊ လေဘာတီမမြင်ရင်တို့ နာမည် ကျော်ကြတယ်။

လူပြက်(လူရွှင်တော်)ဆိုလည်း  အဋ္ဌရသ ၁၈ ရပ်ပါ ဣတိဟာသလို့ဆိုတဲ့ ရယ်ရွှင်ဖွယ် အတတ် ပညာ    ဝမ်းစာပြည့်ဝကြတယ်။   အငြိမ့်လူပြက် (လူရွှင်တော်)  ကောင်းရင်   အငြိမ့်မင်းသမီးထက် တောင် ထင်ရှားတယ်။ ရှေးခေတ်ကဆို ဦးကျင်ခဲ၊ ဓာတ်ဆီ၊   ဓာတ်စံ၊    ညှပ်ကြီး၊    ဒန်ပေါက်စတဲ့  အငြိမ့်လူပြက်ကြီးများ  ထင်ရှားကျော်ကြားခဲ့ကြ တယ်။

အငြိမ့်သဘင်ရဲ့ဖွဲ့စည်းမှုကလည်း နည်းနည်း နဲ့ကျဲကျဲဝိုင်း ဆိုတာမျိုးပဲဖြစ်တယ်။  လူတစ်ကျိပ် လောက်နဲ့ ပြည့်စုံတယ်။  အငြိမ့်ကပြဖို့   နေရာ အကျယ်ကြီးမလိုဘူး။ ပေအစိတ်၊ သုံးဆယ် ပတ်လည် လောက်ရှိရင် ကလို့ရတယ်။  ၁၉၅၀ ကျော်၊ ၆၀ ပြည့်နှစ်များအတွင်းကဆို       မြို့တော်နေပြည်သူတွေ အပန်းဖြေဖို့အတွက် မြို့တော်စည်ပင်သာယာရေး အဖွဲ့က စနေနေ့ညနေပိုင်းဆို ပန်းခြံတွေမှာ အငြိမ့်ပွဲ တွေ  ကျင်းပပေးခဲ့ကြတယ်။   ပရိသတ်အချို့က သွားရင်းလာရင်း ငေးရင်းမောရင်း မိုးတိုးမတ်တတ် ကြည့်ကြသလို   အချို့ကတော့   ဖိနပ်ဖင်ခုပြီး ပွဲသိမ်းတဲ့အထိ ကြည့်ကြတယ်။

နောက်ပိုင်းကာလများမှာတော့ အငြိမ့်သဘင် ဟာ အတန်ငယ်မှေးမှိန်တိမ်မြုပ်သလို  ဖြစ်ခဲ့ရတဲ့ အတွက် တပ်မတော်အစိုးရခေတ်မှာ   မြဝတီအငြိမ့် ပြိုင်ပွဲတွေ ပြန်လည်ကျင်းပပေးခဲ့ပြီး မြန်မာ့အငြိမ့် သဘင်ကို    ပြန်လည်ဖော်ထုတ်ဆန်းသစ်ပေးခဲ့ရ တယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာလည်း  ရန်ကုန် မြို့တော်ခန်းမရှေ့က  ဗန္ဓုလပန်းခြံမှာ  မြို့တော် နေပြည်သူတွေ စိတ်အပန်းဖြေစေဖို့    အငြိမ့်သဘင် ဖျော်ဖြေတင်ဆက်မှုအချို့ကို  ပြန်လည်ကျင်းပပေး ခဲ့တယ်။

ဇာတ်သဘင်ကတော့ အပျိုတော်ခန်း၊ သစ္စာ ထားခန်း၊     တိုင်းပြည်တည်ခန်းကအစပြုပြီး ဇာတ်ထုပ်ခင်းကြတယ်။ ဇာတ်ထုပ်ခင်းတဲ့အခါမှာ ရှေးကတော့ လူ့သဘော  လူ့မနော  အရပ်ရပ်က ကောင်းနိုးရာရာ၊ သိဖွယ်၊ မှတ်ဖွယ်၊ နာယူဖွယ်ရာ အကြောင်းအရာတွေ၊ ဒဏ္ဍာရီဇာတ်တွေကိုပဲ  ကပြ ကြတာပေါ့။  ထိုခေတ်က  ရုပ်သေးရော၊  ဇာတ်ပါ ဘာကြောင့် ဒဏ္ဍာရီတွေကိုပဲ ဇာတ်ကကြသလဲဆိုရင် ဇာတ်နိပါတ်တော်တွေကိုကရင်       ဂိုဏ်းမလွတ် လေဟန်၊ အပြစ်ဖြစ်ပြီး ငရဲကြီးလေဟန် ထင်ခဲ့ကြ လို့ပဲဖြစ်ပါတယ်။
မြန်မာ့ဇာတ်သဘင်လောကမှာ ဒဏ္ဍာရီဇာတ် တွေကို    ခေတ်ကုန်စေပြီး    ဇာတ်နိပါတ်တွေကို ခေါ်သွင်းလာသူကတော့ ဇာတ်မင်းသားကြီး ဦးဖိုးစိန် ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ မကပြဖူးတဲ့ဇာတ်ထုပ် မရှိအောင် ကပြခဲ့တဲ့အတွက်  နောက်မင်းသားတွေ ခမျာ ဦးဖိုးစိန်ကြီး ကပြပြီးဇာတ်ကို ရှောင်လွှဲကပြဖို့ ဆိုတာ အတော့်ကိုခက်ခဲတဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ရတယ်။
ဦးဖိုးစိန်ပထမဆုံးကပြတဲ့ဇာတ်က ဝိနည်း တော်မှ  ရှင်သုဒိန်ဇာတ်ဖြစ်ပါတယ်။  ဦးဖိုးစိန်ဟာ ဇာတ်နိပါတ်တော်များ ကပြလာတဲ့အခါမှာ ထိုခေတ် က သီလ၊ သမာဓိ၊ ပညာအရာမှာ ထင်ရှားကျော်ကြား တဲ့ဆရာတော်ကြီးများကို  ဇာတ်နိပါတ်တော်များ ကခြင်းဖြင့် အပြစ် ရှိ၊ မရှိ မေးလျှောက်ခဲ့ပါသေးတယ်။  အလှူအတန်းရက်ရောပြီး ဘုရားကျောင်းကန်စေတီ များစွာတည်ဆောက်လှူဒါန်းလေ့ရှိတဲ့     ဘုရား ဒါယကာ   ကျောင်းဒါယကာကြီး    ဦးဖိုးစိန်ရဲ့ ဗုဒ္ဓသာသနာအပေါ်ထားအပ်တဲ့      စေတနာကို ကောင်းစွာသိမြင်ကြတဲ့      ဆရာတော်ကြီးများက  သုတ္တန်၊  ဝိနည်းပါဇာတ်တွေကို ကလို့တရားပြနိုင်ရင် အပြစ်မရှိနိုင်ကြောင်း အဆုံးအဖြတ်ပေးခဲ့ကြပါတယ်။ ဆရာတော်အချို့ဆို      “ဖိုးစိန်ဇာတ်နိပါတ်ကို  ကပြတာဟာ တို့တရားဟောတာထက်ပိုပြီးတောင်  ဇာတ်တော်ကို   ကွက်ကွက်ကွင်းကွင်းသရုပ်သဏ္ဌာန် နဲ့      မြင်အောင်ပြနိုင်တယ်”လို့    အားပေးစကား  မြွက်ကြားခဲ့ကြတယ်။

ဦးဖိုးစိန်ဟာ လယ်တီဆရာတော်ကြီးရဲ့ အဆုံး အမကို ခံယူသူပီပီ ဆရာတော်ကြီးရဲ့ သံခိပ်တွေကို ဇာတ်ခုံပေါ်ကတစ်ဆင့်        ဖြန့်ချိပေးလေ့ရှိသလို ဇာတ်ကရင်း လယ်တီဆရာတော်ကြီးရဲ့ တရားပွဲ တွေကို သွားရောက်ဖို့ ကြော်ငြာပေးခဲ့ပြန်ပါတယ်။ သူကနေတဲ့ဒေသကို       လယ်တီဆရာတော်ကြီး တရားဟောကြွရောက်လာပြီဆိုရင်လည်း သာသနာ ကို ဖျက်ရာမရောက်လေအောင်  ပွဲဖျက်ပြီး အခြား တစ်ဒေသကိုရွှေ့ပြောင်းကလေ့ရှိပါတယ်။

ယိမ်းအကကို ဆန်းသစ်ခဲ့

ဒါ့အပြင် ဦးဖိုးစိန်ဟာ မြန်မာ့ယဉ်ကျေးမှုအဆို၊ အငို၊ အက၊ အပြပညာအမွေအနှစ်တွေကို အရိုးပေါ် အရွက်မဖုံးဘဲ တိုးချဲ့ခဲ့သူလည်းဖြစ်တယ်။  ရှေးက  မင်းသားနဲ့မင်းသမီး  ပဝါတစ်ကမ်း၊   ယပ်တောင် တစ်ကမ်းကခဲ့ရာမှ သူ့ခေတ်မှာနှစ်ပါးသွားအကကို တိုးချဲ့ခဲ့တယ်။ နောင်လာနောက်သားတွေနည်းယူ နိုင်စေဖို့ ဖိုးစိန်အဟဲ၊ ဖိုးစိန်ခြေကဆိုတဲ့ ဇာတ်ဘသင် ပညာအမွေကို    ချန်ထားနိုင်ခဲ့တယ်။  ယိမ်းအကကို ဆန်းသစ်ခဲ့တယ်။ ယနေ့ ဇာတ်သဘင်လောကမှာ  မင်းသား၊ မင်းသမီးတွေ ဝတ်ဆင်နေကြတဲ့ ခြေအိတ် ရှည်နဲ့   ခြေနင်းပါးကလေးတွေကအစ    ဦးဖိုးစိန် ထွင်ခဲ့တယ်လို့ဆိုတယ်။

ထိုခေတ်မြန်မာပြည်သူတွေကလည်း ဦးဖိုးစိန် ကို  ဘယ်လောက်အသည်းစွဲနှစ်ခြိုက်ခဲ့ကြသလဲ ဆိုရင် “ဖိုးစိန်ပွဲဆို ခြင်ထောင်ပေါင်ကြည့်မယ်”ဆိုတဲ့ အထိပါပဲ။  ဦးဖိုးစိန်ဟာလည်း    မြန်မာပြည်အနှံ့ ဇာတ်ပွဲတွေ ကပြတဲ့အခါမှာ ကိုယ်ပိုင်ဇာတ်သင်္ဘော ကြီး၊ ကိုယ်ပိုင်ဇာတ်ရုံတွေနဲ့ ကပြနိုင်ခဲ့တဲ့အထိကို  အောင်မြင်ကျော်ကြားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ 

ဆိုရရင်  ဦးဖိုးစိန်ဟာ   မြန်မာ့ဇာတ်သဘင် လောကကို မြေဝိုင်းခေတ်မှ မြို့ပြဇာတ်ခုံ ဇာတ်ရုံ အဆင့်အထိ       တိုးတက်ပြောင်းလဲလာအောင် စွမ်းဆောင်ခဲ့သူ၊ မြန်မာ့ဇာတ်သဘင် တစ်ခေတ်ကိုတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါပေတယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာ ဖိုးစိန်ဆိုတဲ့စကားရပ်ဟာ ထူးခြားတဲ့ ကိုယ်ပိုင်ဝိသေသလက္ခဏာတစ်ရပ်အဖြစ်  ယခုတိုင်  တည်ရှိနေခြင်းဖြစ်ပါတယ်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊  သဘင်စတဲ့ အနုပညာလောကမှာ  ကိုယ်ပိုင်ဟန် မရှိဘဲ    အခြားထင်ရှားကျော်ကြားသူတစ်ဦးရဲ့ ဟန်ကို တုပအသုံးပြုတဲ့သူတွေကို ဒုတိယဖိုးစိန်လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့အထိ       အောင်မြင်မှု ကြီးမားခဲ့သူ ဖြစ်ပါတယ်။  
       

သူ့ကျွန်ဘဝမှာ အမျိုးဘာသာ သာသနာမကွယ် ပအောင်   ဇာတ်ခုံပေါ်ကနေ    တတ်အားသရွေ့ စွမ်းဆောင်ပေးခဲ့သူ ဦးဖိုးစိန်နည်းတူ သူ့ကျွန်ဘဝမှာ မြန်မာပြည်သူတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ တက်ကြွမြင့်မားလာအောင်    ဇာတ်ခုံပေါ်ကနေ တိုက်တွန်း နှိုးဆော်ပေးခဲ့တဲ့အပြင်  အောင်မောင်း အဟဲ၊ အောင်မောင်းခြေထိုးဆိုပြီး နာမည်ကျော်ခဲ့တဲ့  ဇာတ်မင်းသားကြီး    ဦးအောင်မောင်းကိုလည်း တို့တစ်တွေမမေ့သင့်ဘူးပေါ့။

၁၉၃၅ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိကို အောင်မောင်း ခေတ်လို့ဆိုနိုင်တယ်။        အောင်မောင်းဇာတ်ကို ကန်ထရိုက်ရဖို့ ပွဲကန်ထရိုက်တွေဟာ အလုအယက် ဖြစ်နေကြတယ်။      အောင်မောင်းဇာတ်ဆိုရင် ဘယ်နှညပဲကက  ရုံပြည့်တယ်။  အောင်မောင်း ဟေ့လို့ ဆိုရင် ညနေ ၄ နာရီကျော်တာနဲ့ ရုံကွဲသွားလို့ ဖွင့်ပေးလိုက်ရတာကများတယ်။ အောင်မောင်းဟာ ရုပ်ကြမ်းသော်လည်း အကမကြမ်းဘူး။ မင်းသားရုပ် မပေါက်ပေမယ့် အောင်မောင်းကပြီဆိုရင် ပျော့ပျော့ ပျောင်းပျောင်း၊     အချိုးအဆစ်ပြေပြစ်တယ်။ အောင်မောင်း  တကယ်ကတဲ့ညဆိုရင်  ယိုးဒယား အကကို အလေးပေးကတတ်တယ်။ ခြေကအမျိုးမျိုး ကပြရာမှာတော့ လက်ပိုက်ပြီး၊ လက်နောက်ပစ်ပြီး  ခြေကကလေ့ရှိတယ်။ နှစ်ပါးခွင်  နောက်ဆုံးအက မှာမှ  ခြေထိုးကလေ့ရှိတယ်။    ခြေနှစ်ချောင်းထိုး၊  ခြေတစ်ချောင်းထိုး၊   အလျားလိုက်၊  အနံလိုက်၊ ဒေါင်လိုက်အမျိုးမျိုးပုံစံနဲ့   ဟန်နဲ့ခြေထိုးပြတယ်။ နောက်ဆုံး လေဘာတီခင်ညွန့်ကို ပွေ့ချီပြီး ခြေထိုး ပြတယ်။ မင်းသမီးကို ပွေ့ချီထားရပေမယ့် မနိုင်မနင်း   မလှမပမဖြစ်ဘူး။  မင်းသမီးကလည်း ယိုးဒယား အကဟန်နဲ့ အပြုံးမပျက်၊ ပွေ့ချီထားတဲ့ အောင်မောင်း ကလည်း ကော်ရုပ်လေးကို ချီထားသလို  ပေါ့ပေါ့ ပါးပါးအနေအထားနဲ့  အင်မတန်မှ ကြည့်ကောင်းတဲ့ မြင်ကွင်းပဲလို့ ဆိုကြတယ်။   

အသံချဲ့စက်မပါဘဲ 
ပကတိအသံနဲ့ပေါက်အောင်ဆိုနိုင်

အောင်မောင်းရဲ့အသံဟာလည်း    ပရိသတ် ထောင်ပေါင်းများစွာကို အသံချဲ့စက်မပါဘဲ ပကတိ မူရင်းအသံနဲ့ပေါက်အောင်ဆိုနိုင်တယ်။ ဇာတ်လမ်း ဇာတ်ကွက်တွေကို ပြောရာမှာ စာစကား၊ ပေစကား၊  စကားကြီးစကားကျယ်တို့ကိုမပြောဘူး။ မြန်မာ စကားစစ်စစ်     အရပ်သုံးစကားနဲ့ပြောတယ်။  အောင်မောင်းရဲ့အသံဟာ ကရုဏာသံပါတယ်။ ငိုခန်းရောက်ရင် “ကျွန်မတို့မငိုဘဲ မနေနိုင်တော့ဘူး” လို့     အမျိုးသမီးကြီးတွေက      ပြောပြတယ်။ အောင်မောင်းဟာ သူ့ပရိသတ်အကြောကို    သူသိ တယ်။  ရယ်ချင်သူကို  ရယ်ရအောင်၊  ငိုချင်သူကို ငိုရအောင်လုပ်ပေးနိုင်စွမ်းရှိတယ်။

စာရေးဆရာမကြီး       လူထုဒေါ်အမာက “အောင်မောင်းဟာ ပြည်သူတွေနေ့တိုင်းသုံး အရပ် စကားတွေကို တတ်လိုက်တာ၊ ငေါက်တန်ရင်ငေါက်၊  ဒေါသဖြစ်တန်ရင် ဖြစ်လိုက်သေးတယ်၊ ပြီးတော့မှ မချိလှလို့ မဲ့ရ၊  ငိုရတဲ့ပုံစံမျိုး၊ သူ့အမဲ့  သူ့အရှိုက်က  ပရိသတ်ဘဝင်ကို သိပ်ခိုက်တယ်၊ သူက အမယ်လေး ၃-၄ မျိုးလောက်လုပ်နိုင်တယ်၊ သူ့အမယ်လေး ကလည်း ရင်ခေါင်းထဲက လှိုင်းကြီးတွေနဲ့ရိုက်ခတ် ထွက်လာတဲ့ အမယ်လေးမျိုး၊ တစ်ချက်တည်း ဆွဲဖွဲ့ လိုက်ရင်      တစ်ခါတည်း    ဆို့နင့်လာရမယ်လေ။ ဦးအောင်မောင်းကြီးကတော့ လုပ်ချင်ရာ ဝင်လုပ်  ခုရယ်နေကြပေမယ့် သူက ခုငိုလာအောင် ပရိသတ် ကို ဖမ်းစားနိုင်တယ်”လို့ ဆိုတယ်။
အောင်မောင်းဟာ ဂဠုန်ယိမ်း၊  ဗန္ဓုလယိမ်း၊ သုံးရောင်ခြည်အလံတော်ယိမ်း၊    ဒေါင်းယိမ်း၊ အိုးစည်ယိမ်း၊ လယ်သူမယိမ်းများကို  တီထွင်ခဲ့ပါ သေးတယ်။  ယိမ်းအလိုက်သီချင်းများ   သီးသန့် စပ်ပေးထားတယ်။   ဂဠုန်ယိမ်းကို    အင်္ဂလိပ် အစိုးရက ပိတ်ပင်ခဲ့တယ်လို့ဆိုတယ်။ ဒေါင်းယိမ်း မှာ ခေါင်းမှာ ဒေါင်းဦးခေါင်းပုံစံစွပ်ပြီး ဒေါင်းအလံကို  ကိုင်စွဲကပြကြတယ်။  ဗန္ဓုလယိမ်းမှာ  ရှေးခေတ် မြန်မာစစ်သည်ပုံစံဝတ်ဆင်ပြီး     ဗန္ဓုလခမောက် ဆောင်း၊ ဓားကိုင် ကပြခဲ့တယ်။

အမျိုးသား ရေးစိတ်ဓာတ် တက်ကြွစရာဖြစ်ခဲ့

သုံးရောင်ခြည်အလံတော်ယိမ်းမှာတော့ ဝါ၊ စိမ်း၊ နီ အရောင်  ဖဲသားကို  နဖူးမှာ   စည်းထားပြီး  သုံးရောင်ခြည်အလံငယ်ကလေးများ ကိုင်ဆောင် ကာ ကပြခြင်းဖြစ်တယ်။ ယိမ်းမထွက်ခင်  စာရေး ဆရာ ဦးစံခိုက   သုံးရောင်ခြည်အလံတော်ကြီးရဲ့ ပရိကံကို နဘေထပ်နဲ့ ပြောတယ်။ ပြီးမှ သုံးရောင် ခြည်အလံတော်ကြီးကို ဇာတ်ခုံပေါ်မှာ  တင့်တယ်စွာ စိုက်ထူလိုက်ပြီး   ဦးစံခို   ကိုယ်တိုင်အလေးပြုလို့ ကြေညာတယ်။ ပွဲကြည့်ပရိသတ်အချို့ကပါ ထပြီး  အလေးပြုကြတဲ့အတွက် အင်မတန်မှ  အမျိုးသား ရေးစိတ်ဓာတ် တက်ကြွစရာဖြစ်ခဲ့တယ်။

ဆိုရရင် အောင်မောင်းဟာ ပင်ကိုအမျိုးသားရေး စိတ်ဓာတ်ရှိသူပီပီ နယ်ချဲ့အင်္ဂလိပ်ကို သူ့အတတ် ပညာနဲ့ဇာတ်ခုံပေါ်ကနေ ဖော်ပြပါနိုင်ငံရေးအသွင် လက္ခဏာဆောင်တဲ့ ပြကွက်၊ ကကွက်၊ ဇာတ်လမ်း တွေနဲ့ရဲရဲဝံ့ဝံ့တွန်းလှန်တော်လှန်ခဲ့ပါတယ်။ ၁၃၀၀  ပြည့် အရေးတော်ပုံကာလအတွင်းမှာတော့ သူ့ဆရာ ဦးစံခိုနဲ့အတူ သခင်အမည်ခံခဲ့ကြတယ်လို့ ဆိုတယ်။ လွတ်လပ်ရေးတိုက်ပွဲအတွင်းမှာလည်း သူတတ်နိုင် သလောက်ကူညီခဲ့ပေမယ့် သူဘယ်ကဲ့သို့  ကူညီခဲ့ တယ်ဆိုပြီး ဝင့်ကြွားလေ့မရှိခဲ့ဘူး။

ယဉ်ကျေးမှုအမွေအနှစ်တွေ 
ထွန်းကားခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်

မောင်မြင့်အေးရေ . . .
မြန်မာနိုင်ငံဟာ ပျူခေတ်၊ သရေခေတ္တရာခေတ်၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ၊ ညောင်ရမ်း၊ ကုန်းဘောင်၊  ရတနာပုံစတဲ့  ခေတ်အဆက်ဆက် ကိုယ့်ထီး ကိုယ့်နန်းနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေ ထွန်းကားခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ 
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေး၊  စီးပွားရေးကဏ္ဍ တွေက အရေးကြီးသလို  ယဉ်ကျေးမှုကဏ္ဍအပိုင်း ကလည်း အရေးကြီးတာဖြစ်တဲ့အတွက်  ကိုယ့်ရဲ့ မိရိုးဖလာ ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ မြန်မာ့ ရိုးရာယဉ်ကျေးမှု    အနုသုခုမပညာရပ်တွေ  မတိမ် ကော မပပျောက်အောင် နိုင်ငံသားတိုင်းက အားပေး ကူညီ၊ ထိန်းသိမ်းစောင့်ရှောက်ကြရမယ့် တာဝန် ကိုယ်စီရှိတယ်ကွယ့်။ ဒါကြောင့်မို့ နိုင်ငံတော်က  မကြာမီ  ပြန်လည်ကျင်းပတော့မယ့်  ၂၀၂၂  ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊    အက၊   အရေး၊    အတီးပြိုင်ပွဲကြီးကို  တို့တစ်တွေ  ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုကြရအောင်လား။   ။

ကိုးကား -
    -    သိန်းဖေမြင့်၏ “ဇာတ်ဆရာဦးဖိုးစိန်”  နှင့် “ဇာတ်သဘင် တစ်ခေတ်တီထွင်ခဲ့သူ”
    -    သခင်အောင်ဖေ၏ “သဘင်သုံးရပ်အရေး” နှင့်   ဇာတ်ခုံပေါ်က     သခင်တရား ဟောသော ဇာတ်မင်းသား” ဆောင်းပါး များ