မြန်မာ့ရိုးရာသိုင်းပညာတိုးတက်ပြန့်ပွားရေးနှင့် မြန်မာ့ရိုးရာသိုင်း သင်တန်းဆင်းပွဲ ကျင်းပ

မိတ္ထီလာ ၂ ဧပြီ

မြန်မာ့ရိုးရာ သိုင်းပညာတိုးတက်ပြန့်ပွားရေးနှင့် မျိုးဆက်သစ်လူငယ်များ ဖော်ထုတ်နိုင်ရေးအတွက် ဖွင့်လှစ်ခဲ့သည့် နွေရာသီမြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲကို ဧပြီ ၁ ရက် နံနက် ၉ နာရီက ပြည်သာယာ (တောင်) ရပ်ကွက်အတွင်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန၏ အသိအမှတ်ပြု(ပထမ အဆင့်) မေတ္တာရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး သိုင်းဆပ်ကော်မတီဝင် မိတ္ထီလာမြို့နယ် ဗန်တိုအောင် သိုင်းပင်မအဖွဲ့မှ ပင်မဦးစီးနာယက ဆရာကြီး ဦးအောင်မျိုးက အမှာစကားပြောကြားပြီး သင်တန်းသားများက သိုင်းပညာရပ်များ ပြသခဲ့ကြသည်။

အဆိုပါသင်တန်းကို မိတ္ထီလာမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး သိုင်းဆပ်ကော်မတီဝင် မိတ္ထီလာမြို့နယ် ဗန်တိုအောင်သိုင်းပင်မအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ မြန်မာ့ရိုးရာသိုင်းသင်တန်း(၂/၂၀၁၈)ကို  မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအား  မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ချမှတ်ပေးထားသော (၆၃)မောင်းအား၊ ဗန်တို လက်ရေး၊ အတိုက်၊ ဒုတ်ရှည် ပညာရပ်၊ လက်သီးထိုးခုခံကာကွယ်မှုနည်းစနစ်များ၊ လက်နက်နှင့် လက်နက်မဲ့ခုခံ ကာကွယ်မှု စနစ်များ၊ ဓါးတစ်လက်  (အခြေခံ)၊ ဓါးနှစ်လက်(အခြေခံ)နှင့် မြန်မာ့လက်သီးထိုးကျင့်စဉ်စနစ်များ စသည့် ဘာသာရပ်များကို မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)