မြန်မာ့ရိုးရာလက်ဝှေ့သုံးနိုင်ငံ စိန်ခေါ်ပွဲ  ကျင်းပမည်

ရန်ကုန် ၂၃ ဒီဇင်ဘာ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးသည့် မြန်မာ့ရိုးရာ လက်ဝှေ့ သုံးနိုင်ငံစိန်ခေါ်ပွဲကို ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံတွင် ကျင်းပသွားမည်ဖြစ်သည်။

ထိုင်း၊ မြန်မာ၊ လာအို အစရှိသည့် လက်ဝှေ့သမားများပါဝင်သည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် သွေးသစ်ဝင်းလှိုင်(မြန်မာ) နှင့် ကျင်လွပ်(ထိုင်း)၊ သွေးသစ်မောင်(မြန်မာ)နှင့် ပရဝပ်(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အခြားတွဲဆိုင်းများအဖြစ် လွမ်ချိုင်း(မြန်မာ) နှင့် ခုမ်ကစ်(ထိုင်း)၊ အောက်ချင်းလေး(မြန်မာ) နှင့် ဘန်သီ ဟာကွတ်(လာအို)၊ မိုးမောင်(မြန်မာ)နှင့် မစ်စီဟာခို့(လာအို) စောဘဟိန်း(မြန်မာ)နှင့် ဝမ်ချလ(ထိုင်း)၊ သိန်းစိုး (မြန်မာ)နှင့် ဘွင်လွင်(ထိုင်း)တို့ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

မျိုးဆက်သစ်စိန်ခေါ်ပွဲများအဖြစ် ရဲကျော်ဦးနှင့် ကောင်းဆက်နိုင်၊  သန်းဖြိုးဇော်နှင့် ကနောင်သွေး၊ အာကာဖြိုးနှင့် ဇင်မိုးဟိန်း အစရှိသည့် တွဲဆိုင်းများ ပါဝင်မည်ဖြစ်ပြီး လက်မှတ်နှုန်းထားများအနေဖြင့် ဝင်ကြေး ကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း၊ တစ်သိန်းဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

အာကာစိုး