ထီးလင်း ၂၀ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်၌ ကျေးရွာအချို့တွင် မြန်မာ့ရိုးရာဓလေ့ဖြစ်သည့် ဆွမ်းအုပ်ဖြင့် ဆွမ်းပို့သည့် စနစ်ကျန်ရှိနေသေးရာ အဆိုပါဓလေ့စရိုက်များ ရေရှည်တည်တံ့နိုင်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွမ်းအုပ်များထောက်ပံ့ပေးကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပုဂံယဉ်ကျေးမှုဒေသမှ ပြုလုပ်ခြင်းဖြစ်ကာ ထီးလင်းမြို့နယ် အုံးတောရွာသို့ ၂၅ လုံး၊ ဝက်သက်မြောက်ရွာသို့ ၃၁ လုံး၊ ဝက်သက်ရွာသို့ ၅ လုံး၊ ဝါးဘိုးချောင်ရွာ သို့ ၇ လုံး၊ ပဇင်းချောင်ရွာသို့ ၇ လုံး စုစုပေါင်း ၇၅ လုံး ထောက်ပံ့ကြောင်း သိရသည်။

ထီးလင်းမြို့နယ် ကျေးရွာအချို့တွင် ယခင်က ဆွမ်းအုပ်ဖြင့်ဆွမ်းပို့သည့် ဓလေ့ရှိနေသော် လည်းဒေသတွင် ဆွမ်းအုပ်ပြုလုပ်သည့် ပညာရှင်မရှိတော့ခြင်း၊ ပုဂံဒေသမှ မှာယူနိုင်မှု ခက်ခဲခြင်း၊ အိမ်ခြေများတိုးလာခြင်း၊ ရှိရင်းစွဲဆွမ်းအုပ်များပျက်စီးခြင်း စသည့်အကြောင်းများဖြင့် ဆွမ်းအုပ်ဖြင့်ဆွမ်းပို့သည့်ဓလေ့များ လျော့နည်းရခြင်းဖြစ်ကာ ယခုအခါ ကျေးရွာ ၅ ရွာသာ ကျန်ရှိနေကြောင်းနှင့် ကျေးရွာများတွင် လိုအပ်သည့် အရေအတွက်အလိုက် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆွမ်းအုပ်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်အောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မင်းစိုးတို့သည် အောက်တိုဘာ ၁၉ ရက်တွင် ဖော်ပြပါ ကျေးရွာများသို့ သွားရောက်၍ ဆွမ်းအုပ်လိုအပ်နေသူများထံအရောက် သွားရောက်ပေးအပ်ကြကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

 

ထီးလင်းပြန်ဆက်