မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော် ပြီးမြောက်ချိန် ချင်းတောင်- ကလေး- မုံရွာ- မန္တလေး- ရန်ကုန်ခရီးစဉ် ပြန်လည်ပြေးဆွဲ၍ ခရီးသွားလာသူများပြား

ကလေး ၁၈  ဧပြီ   


ကလေးခရိုင် ကလေးမြို့၏ မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပြီးမြောက်ချိန် မြန်မာသင်္ကြန်ကာလ ကလေး- မုံရွာ- မန္တလေး-ရန်ကုန်ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲမှုရပ်နားရာမှ  ဧပြီ ၁၈ ရက် (မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၂ ရက်နေ့)မှစတင်ကာ မော်တော်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ၍ ခရီးသွားပြည်သူ များပြားလျက်ရှိကြောင်း သိရသည်။

 

ကလေးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ယာဉ်လိုင်းပေါင်း ၅၀ ကျော်မှ ယာဉ်အစီးရေ ၁၀ဝ နီးပါး နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း၊ ကလေးမြို့ကို အခြေပြုပြေးဆွဲသည့် ခရီးသည်တင်ကားများသည် ဧပြီလဆန်းပိုင်း သင်္ကြန်မတိုင်မီ ကာလမှအစပြု၍ အကြောင်းအမျိုးမျိုးဖြင့် ခရီး သွားလာမှုများပြားကြောင်း၊ မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်အပြီး၌လည်း ကားလက်မှတ်များ ကြိုတင်ဖြတ် ထားမှုတို့ကြောင့် ခရီးသည်ရရှိမှုများပြားကြောင်း၊ တက်လမ်း အဆင့်မြင့်ခရီးသည်တင် ယာဉ်လိုင်းသည်  မြန်မာနှစ်ဆန်း  ၁ ရက်နေ့တွင် စတင်ပြေးဆွဲကြောင်း ကလေးမြို့ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားခဲ့သည်။

       

“သင်္ကြန်မတိုင်မီကာလနဲ့ သင်္ကြန်ပွဲတော်အပြီးမှာတော့ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မြို့ကိုယ့်ဒေသနဲ့ ကိုယ့်လုပ်ငန်းတာဝန်တွေ ပြန်လည်ထမ်းဆောင်ကြဖို့ ချင်းတောင်-ကလေး-မုံရွာ-မန္တလေး-ရန်ကုန် ပြေးဆွဲတဲ့ ကားတွေ နှစ်တိုင်းခရီးသည်ပြည့်တာများတယ်။ ကားလက်မှတ်တွေ ကြိုဖြတ်နေရတယ်” ဟု မိမိဒေသသို့ သင်္ကြန်ရုံးပိတ်ရက်အတွင်း ခေတ္တပြန်ရောက်သည့် ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။

       

ကလေး-မုံရွာ-မန္တလေးဆက်သွယ်ရာတွင် နွေဦးကာလ ချင်းတွင်းမြစ်ရေနည်းပါးမှုကြောင့် ချင်းတွင်း ရေ ကြောင်းမှ ခရီးသွားလာသူနည်းပါးပြီး ကလေးမြို့အခြေပြု ကားလမ်းမှ သွားလာသူများပြားကြောင်း၊ ကလေး-ကလေးဝ-ယာကြီးလမ်းနှင့် ကလေး-ကလေးဝ-မဟာမြိုင်-ရေဦး-မန္တလေးလမ်းတို့မှာလည်း သင်္ကြန်ကာလ မိုးအ နည်းငယ်ရွာသွန်းမှုကြောင့် လမ်းကြောင်းစိတ်မချရကြောင်း၊ ကလေး-ဂန့်ဂေါ ပတ်လမ်းသည် လမ်းကြောရှည် လျားသော်လည်း ရာသီမရွေး တောင်ပြိုလမ်းပျက်စီးမှု မရှိခြင်းတို့ကြောင့် ခရီးသည်တင် မော်တော်ယာဉ် လိုင်းများ အသွားအလာ များပြားလျက်ရှိကြောင်း  High Class အဆင့်မြင့်ခရီးသည်တင် ယာဉ်လိုင်းမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

ချင်းတွင်းသား