မြန်မာ့ရိုးရာ လက်ဝှေ့ပညာရှင်များသို့ ဆန်၊ဆီ၊ဆား၊ ပဲ လှူဒါန်း

ရန်ကုန်  ၂၅  ဇွန် 

 

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက မြန်မာ့လက်ဝှေ့ ပညာရှင်များအတွက် ကိုဗစ်-၁၉ ကာလ စားသောက်ရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံက လှူဒါန်းရခြင်းအကြောင်း ပြောကြားပြီး မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းအောင်ထံသို့ ရိက္ခာအမယ် ၄ မျိုးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။

 

"လက်ဝှေ့ပွဲတွေ ရပ်ဆိုင်းထားတဲ့ ကာလမှာ အခုလိုလှူဒါန်းမှုရရှိအောင် တပ်မတော်သို့ တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ဝှေ့ကလပ်ပေါင်း ၇၃ ခု မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ လက်ဝှေ့သမားပေါင်း ၆၁၇ ဦးရှိပါတယ်။ ရန်ကုန်မှာတော့ လက်ဝှေ့ကလပ် ၁၂ ခု ရှိပါတယ်။ ထောက်ပံ့ပစ္စည်းတွေကို ရန်ကုန်ကလပ်တွေအတွက် ယနေ့ပဲခွဲဝေပေးမှာဖြစ်သလို နယ်အတွက်တော့ အဖွဲ့ချုပ်အစီအစဉ်နဲ့ ဆက်လက်ပေးပို့သွားမှာ ဖြစ်ပါတယ်"ဟုမြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ အမှုဆောင် ဦးဝဏ္ဏကပြောသည်။

 

အဆိုပါ လှူဒါန်းမှုတွင် ဆန် ၆ ပြည်ပါ ဆန်အိတ် ၂၀၀၊ ဆီ ၅၀ သားဘူး ၂၀၀၊ ပဲ ၅၀ သား အထုပ်၂၀၀၊ ဆားထုပ် ၂၀၀ ၊ကြက်ဥ ၁၀ လုံး ကတ် ၂၀၀ (အလုံး၂၀၀၀)နှင့် နှာခေါင်းစည်းအခု ၁၀၀၀၊ လက်သန့်ဆေး ၁၀ ဘူး ဖြစ်ကြောင်း သိရသည်။

 

တပ်မတော် မိသားစုများအနေဖြင့် ယခုပွဲမတိုင်မီက စာသင်တိုက်များ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ သတင်းမီဒီယာကောင်စီ စသောအဖွဲ့အစည်းများသို့လည်း ကိုဗစ်-၁၉ ကာလအတွင်း ဆန်၊ ဆီ၊ ဆား၊ ပဲစသော အထောက်အပံ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံအာကာစိုး