မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုထိန်းသိမ်းရေးနှင့် အမွေအနှစ်ကို အသုံးချပြီး နိုင်ငံ့ဝင်ငွေပိုမိုရရှိရန် နည်းလမ်းသစ်ရှာသင့်ကြောင်း ရှေးဟောင်းသုတေသနဌာန ပညာရှင် အကြံပေး

မန္တလေး ၄ သြဂုတ် 

 

မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းသည့် ဝန်ကြီးဌာနနှင့် ဝင်ငွေရလမ်းရှာဖွေသည့် ဝန်ကြီးဌာနမှာ ပေါင်းစပ်ဖွဲ့စည်းပြီး ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ၎င်းအမွေအနှစ်များကို အသုံးချပြီး နိုင်ငံအတွက် ဝင်ငွေပိုမိုရရှိရန် ဆောင်ရွက်နိုင်ကြောင်း မန္တလေးတက္ကသိုလ်၊ ရှေးဟောင်းသုတေသနဌာန (ကထိက) ဒေါက်တာပြည့်ဖြိုးကျော်က ထောက်ပြထားပါသည်။

 

ပြည်ထောင်စုအစိုးရတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ပြီး ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနက ဝင်ငွေရလမ်းရှာဖွေခြင်းဖြစ်၍ ထိန်းသိမ်းသူနှင့် ဝင်ငွေရလမ်းဆောင်ရွက်သည့် ဝန်ကြီးဌာန ကွဲပြားနေပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ဆိုသည်။

 

“ပညာရပ်ဆိုင်ရာအရကြည့်ရင် ထိန်းသူနဲ့သုံးတဲ့သူက သပ်သပ်ဖြစ်နေတယ်။ ထိန်းတဲ့သူကို ပြည်ထောင်စု ဘတ်ဂျက်ကချပေးတယ်။ ဟိုတယ်၊ တိုးရစ်ဇင်နဲ့ ဝင်ငွေရှာတာကို ဟိုတယ်ခရီးသွားကလုပ်တယ်ဆိုတော့ ဝန်ကြီးဌာနချင်း ချိတ်ဆက်မှုအားနည်းတော့ အမွေအနှစ် ထိန်းသိမ်းအသုံးချပြီး ဂုဏ်သိက္ခာရှိတဲ့ စီးပွားရေးရဖို့က အလှမ်းဝေးနေတယ်”ဟု ဒေါက်တာပြည့်ဖြိုးကျော်ကပြောသည်။

 

မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရာတွင် Traditional အရ ထိန်းသိမ်းခြင်းမှာ သမားရိုးကျနည်းလမ်းဖြစ်၍ လုံလောက်မှုမရှိဘဲ ယူနက်စကို အဖွဲ့အစည်း၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ထိန်းသိမ်းပါက ထိရောက်မှုရှိပြီး နိုင်ငံတကာမှ သိရှိကာ ခရီးသွားကဏ္ဍမှ ဝင်ငွေပိုမိုရရှိလာမည် ဖြစ်သည်ဟု ဆိုသည်။

 

ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းပြီး ဝင်ငွေရှာဖွေနိုင်သော်လည်း ခရီးသွားများအတွက် လုံခြုံမှုရှိရေး၊ ဥပဒေအာမခံချက်ရှိရေး စသည့် Infrastructure များ ကောင်းမွန်ရန်လိုကြောင်း ပြောသည်။

 

အိမို့မို့ခိုင်