မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ(ပဉ္စမပွဲစဉ်) ဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားတွင် ပညာရှင်အဆင့်ပြိုင်ပွဲ၌ ဟိန်းစည်သူ ဗိုလ်စွဲ

၂၅ အောက်တိုဘာ

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့်မြန်မာပီဂျီအေတို့က ကြီးမှူး၍ Phyo Si Thu Teak Plantation & Bago Yoma Eco Resort က  အဓိကကူညီပံ့ပိုးသည့် ၂၀၁၉ခုနှစ်၊ မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပဉ္စမပွဲစဉ်) ဂေါက်သီး အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား နောက်ဆုံးနေ့နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းမှစ၍ ညောင်ဦးမြို့ရှိ ပုဂံဂေါက်ကွင်း၌ ဆက်လက်ကျင်းပရာ ပညာရှင်အဆင့်ပြိုင်ပွဲတွင် ဟိန်းစည်သူက ဗိုလ်စွဲသည်။

စတုတ္ထနေ့အပြီးတွင် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ Myanmar Golf Tour ကိုယ်စား မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသီဟက ပြိုင်ပွဲကို လက်ခံကျင်းပပေးသော ပုဂံ ဂေါက်ကွင်းသို့ အမှတ်တရလက်ဆောင်နှင့်လှူဒါန်းငွေကျပ်သိန်း(၂၀) ပြိုင်ပွဲအား အဓိကကူညီပံ့ပိုးပေးသော Phyo Si Thu Teak Plantation & Bago Yoma Eco Resort  အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်တို့ကို ပေးအပ်ရာ ပုဂံဂေါက်ကွင်းမှ ကွင်းတာဝန်ခံ ဦးအောင်မြင့်နှင့် Phyo Si Thu Teak Plantation & Bago Yoma Eco Resort မှ ဒါရိုက်တာ ဦးကျော်ကိုကိုဟိန်းတို့က လက်ခံရယူသည်။

ယင်းနောက်  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကျော်မြင့်က ဝါသနာရှင်အဆင့် (အမျိုးသမီး) ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၄၆ ချက်ဖြင့် ဒုတိယရရှိခဲ့သော ဝိုင်းဝိုင်းနှင့် စုစုပေါင်းရိုက်ချက် ၂၃၈ ချက်ဖြင့် ပထမရရှိခဲ့သော ပြုံးပြုံးထွေးတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်က ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၉၀ ချက်ဖြင့် ဒုတိယရရှိခဲ့သော ဇော်ဇော်ထွန်းနှင့် စုစုပေါင်းရိုက်ချက် ၂၈၄ ချက်ဖြင့် ပထမရရှိခဲ့သော လှိုင်မင်းထက်တို့ကိုလည်းကောင်း ဆုများချီးမြင့်သည်။

ဆက်လက်၍ မြန်မာနိုင်ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားကို  အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက  အမျိုးသားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် လှိုင်မင်းထက်အား ပေးအပ်ချီးမြှင့်သည်။

ထို့နောက်  သက်ကြီးတန်း ပညာရှင်အဆင့်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် သုံးချက်လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၁၃ ချက်ဖြင့် ပထမရရှိခဲ့သော ဦးစိုးကျော်နိုင် (Taylormade) အား မြန်မာနိုင်ငံ သက်ကြီးတန်း အဆင့်မြင့်ဂေါက်သီးပညာရှင်များအသင်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သောင်းက ဆုပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပညာရှင်အဆင့်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် (၁၃)ချက်လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၇၅ ချက်ဖြင့် ပထမရရှိခဲ့သော ဟိန်းစည်သူ (Phyo Si Thu Teak Plantation & Bago Yoma Eco Resort) အား မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့်မြန်မာပီဂျီအေ ဥက္ကဋ္ဌ ဦးကိုကိုအေးက ဂုဏ်ပြုဆုဖလားနှင့် Phyo Si Thu Teak Plantation & Bago Yoma Eco Resort ဒါရိုက်တာ ဦးကျော်ကိုကိုဟိန်းက  ဆုကြေးငွေချက်လက်မှတ်တို့ကို  ပေးအပ်ချီးမြှင့်သည်။၂၀၁၉ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲကို Myanmar Zwe Mann Co., Ltd, MWD Bank, Telecom International Myanmar Co., Ltd (Mytel), SAE PAING Development Ltd, Phyo Si Thu Teak Plantation & Bago Yoma Eco Resort , INNWA Bank တို့က အဓိကကူညီပံ့ပိုးပေးထားသည်။

သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်