၂၁  ဖေဖော်ဝါရီ

 

မြန်မာ့ပင်လယ်ပြင်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းမှစတင်ပြီး ယနေ့ အချိန်အထိ ငါး၊ ပုစွန် ဖမ်းဆီးရရှိမှု သိသိသာသာ ကျင်းဆင်းလာကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုး က  ၂၀၁၉ ခုနှစ် ငါးမဖမ်းရ ရာသီမှာ ငါးဖမ်းခွင့် သုံးလပိတ်လိုက်တယ်။ စက်တင်ဘာလကနေ ပြန်ဖမ်းတယ်။ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ သုံးလက ငါးဖမ်းဆီးရရှိမှုက တော်တော်အခြေအနေကောင်းတယ်။ ဒီဇင်ဘာလအဝင်မှာ ငါး၊ ပုစွန်ဖမ်းဆီးရရှိမှု လျော့နည်းလာတယ်။ အဓိက ရခိုင်ပင်လယ်ပြင်မှာ ငါးဖမ်းဆီးရရှိမှု သိသိသာသာ လျော့နည်းလာတယ်။ ဒီဇင်ဘာလနောက်ပိုင်းမှာတော့ မြန်မာ့ပင်လယ်ပြင် တစ်ခုလုံး ငါး၊ ပုစွန်ဖမ်းဆီးရရှိမှုက သိသိသာသာလျော့နည်းလာတယ်။ ကျွန်တော် ငါးဖမ်းတဲ့ နှစ်ပေါင်း ၄၀/၅၀ အတွင်း အတွေ့အကြုံအရ ပြောရရင် ဒီလို ငါး၊ ပုစွန်သိသိသာသာ လျော့နည်း တာ တစ်ခါမှ မတွေ့ဖူးဘူး “ ဟု ပြောသည်။

 

နိုင်ငံတော်မှ ငါးသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရ ဧရိယာများကို နှစ်အလိုက် ရာခိုင်နှုန်းသတ်မှတ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်မှစ၍ သြဂုတ်လ ၃၁ ရက်နေ့အထိ မြန်မာ့ပင်လယ်ပြင်တွင်  ပင်လယ်ကမ်းဝေး ငါးဖမ်းခွင့်အား ရာနှုန်းပြည့် ပိတ်ပင်တားမြစ်ခဲ့ပြီး ပြန်လည်ငါးဖမ်းခွင့် ဖွင့်ပေးချိန်တွင် ပင်လယ်ပြင် ငါးဖမ်းဆီးရရှိမှု သိသိသာသာ တိုးတက်ခဲ့သော်လည်း ယခု အခါ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

 

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က “ပင်လယ်ငါးက ဒီဇင်ဘာလ နောက်ပိုင်းမှာ ထူးထူးကဲကဲ အထိအမိ အတော်လျော့သွားတယ်။ ငါးတို့ ပုစွန်တို့ ပင်လယ်ပြင်မှာ ပျောက်သလောက် ဖြစ်သွားပြီ။ ငါးသယံဇာတ ထိန်းသိမ်းရေး အနေနဲ့ ဇွန်လ၊ ဇူလှိုင်လ၊ သြဂုတ် လ အဲဒီ (၃)လကို ငါးမဖမ်းရရာသီဆိုပြီး ပြီးခဲ့တဲ့နှစ်ကစပြီး တစ်ရာ ရာခိုင်နှုန်း လျော့ချဖြစ်လိုက်တာ။ သြဂုတ်လကုန်ပြန်ဖွင့်တော့ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလတွေမှာ ငါး အထိအမိ အလွန်ကောင်းတယ်။ ပိတ်လိုက်တာကို ပြန်ဖွင့်လိုက်တော့ ငါးက အထိအမိ အလွန်ကောင်းတော့ ဝယ်တဲ့သူ တွေတောင်မနိုင်တော့ဘူး။ တချို့ငါးတွေဆို ငါးခြောက်၊ ငါးပိလုပ်တဲ့ အဆင့်ထိဖြစ် သွားတယ်” ဟု ပြောသည်။

 

ဆက်လက်၍ ၎င်း က “ ထူးထူးခြားခြား စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလတွေ နောက်ပိုင်းမှာ မြန်မာပင်လယ်ပြင်မှာ ငါးတွေ၊ ပုစွန်တွေ လျော့သွား တယ်။ အခု အဆိုးဆုံးအခြေအနေ တစ်ခုကိုရောက်နေပြီလို့ သိရတယ်။ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းကရော တခြားလုပ်ငန်းရှင်တွေကရော ပြောပြကြ တယ်။ နားမလည်နိုင်အောင်တောင် ဖြစ်နေကြတယ်။ ငါးဖမ်းရာသီ စဖွင့်ပြီးတုန်းက အထိအမိက နှစ်လခွဲလောက် ကောင်းသော်ငြားလည်း တစ်ဖြည်းဖြည်း လျော့နည်း လာပြီး ဒီဇင်ဘာလကစပြီး ဇန်နဝါရီတစ်လလုံး ငါးအထိအမိ ထူးထူးကဲကဲ အရင်နှစ်တွေနဲ့ မတူ အောင် လျော့ကျသွားတယ်၊  ဘာကြောင့် ငါးသယံဇာတလျော့သွားတာ ရာသီဥတု ကြောင့်လား၊ ဘယ်လိုအကြောင်း အချက်တွေကြောင့်လဲ ဆိုတာ သုတေသနတောင် လုပ်သင့်တယ်လို့ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းက ပြောပါတယ် “ ဟု ပြော သည်။

 

မြန်မာပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ကမ်းဝေးငါးဖမ်းစက်လှေ အစီး ၃၀၀၀ ခန့်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ကမ်းဝေးငါးဖမ်းစက်လှေ အစီး ၉၀၀ ခန့်ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းက သိရသည်။

 

 (သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-နေလင်း)