မြန်မာဖူဆယ်အသင်း တတိယနေရာလုပွဲတွင် ရှုံးနိမ့်

၂၇ အောက်တိုဘာ

 

                   

၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက ဗီယက်နမ် နိုင်ငံ၌ ကျင်းပရာ မြန်မာဖူဆယ်အသင်း တတိယနေရာလုပွဲတွင် ရှုံးနိမ့်ခဲ့သည်။

                     

မြန်မာအသင်းသည် တတိယလုပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းကို ခုနစ်ဂိုး-သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် အိမ်ရှင်ဗီယက်နမ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့သော်လည်း ပွဲပြီးခါနီးတွင် ဂိုးများ ဆက်တိုက်ပေးလိုက်ရသောကြောင့် ဂိုးပြတ်သွားခြင်းဖြစ်သည်။ ပွဲအစတွင် ဗီယက်နမ်အသင်းက နှစ်ဂိုးဆက်သွင်းခဲ့သောကြောင့် မြန်မာအသင်း နောက်မှလိုက်ကစားရသော်လည်း ၉ မိနစ်တွင် နိုင်ရဲကျော်နှင့် ၁၆ မိနစ်တွင် ကျော်စိုးမိုးတို့က ချေပဂိုးများ ပြန်သွင်းခဲ့သည်။ ၁၄ မိနစ်တွင် မြန်မာအသင်း ပယ်နယ်တီ ကန်ခွင့်ရသော်လည်း ပြည့်ဖြိုးမောင်-၃ ၏ ကန်သွင်းမှုကို ဗီယက်နမ် ဂိုးသမားကာကွယ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်းက တိုက်စစ်အားပြုကာ နှစ်ဂိုးထပ်မံသွင်းယူခဲ့ပြီး ၃၃ မိနစ်တွင် နိုင်ရဲကျော်က မြန်မာအသင်းအတွက် တတိယဂိုး ထပ်မံသွင်းယူခဲ့သည်။ (၄-၂) ဂိုးဖြစ်နေချိန်ကတည်းက မြန်မာအသင်းသည် ချေပဂိုးပြန်ရရန် ဂိုးသမားကျော်ထက်အောင်အစား နိုင်ရဲကျော်ကိုထည့်သွင်းကာ ဂိုးသမားမပါဘဲ ကစားသမားငါးဦး ကစားသည့်ပုံစံဖြင့် တိုက်စစ်အားပြုကစားရာ ချေပဂိုးတစ်ဂိုးပြန်ရသော်လည်း ကျန်ပွဲချိန် ခုနစ်မိနစ်တွင် ဗီယက်နမ်၏ တန်ပြန်တိုက်စစ်ကို မထိန်းချုပ်နိုင်ဘဲ သုံးဂိုးထပ်ပေးလိုက်ရသောကြောင့် ဂိုးပြတ်သွားခြင်းဖြစ်သည်။

                      

ဗိုလ်လုပွဲတွင် ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို ငါးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ထိုင်းအသင်းသည် အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် ၁၅ ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်ပြီး နောက်ဆုံး ရှစ်ကြိမ်ဆက်တိုက် ချန်ပီယံဆုရယူနိုင်ခဲ့သည်။ ယခုပြိုင်ပွဲတွင် ပထမဆုရ ထိုင်းအသင်း၊ ဒုတိယဆုရ အင်ဒိုနီးရှားအသင်းနှင့် တတိယဆုရ ဗီယက်နမ်အသင်းတို့မှာ ၂၀၂၀ အာရှဖူဆယ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး မြန်မာအသင်းမှာမူ ထိပ်ဆုံးသုံးသင်းစာရင်း မဝင်သောကြောင့် အာရှပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးခဲ့ရသည်။

 

သတင်း-ရဲရင့်ရှိုင်း