မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် (၅၅)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဥက္ကဋ္ဌများ ညီလာခံ၊ အဆင့်မြင့် ဆွေးနွေးပွဲ တက်ရောက်

နေပြည်တော်   ၁၈   နိုဝင်ဘာ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပသည့် (၅၅)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဥက္ကဋ္ဌများညီလာခံ၊ အဆင့်မြင့် ဆွေးနွေးပွဲနှင့် (၃၉) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဥက္ကဋ္ဌများ၏ ဘုတ်အဖွဲ့အစည်းအဝေး (55th Southeast Asian Central Bank-SEACEN Governors’ Conference/ High Level Seminar and 39th SEACEN Board of Governors’ Meeting) များနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် Singapore EXPO Convention and Exhibition Centre တွင် ငွေရေးကြေးရေးဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ ငွေကြေးနှင့်ငွေရေးကြေးရေးတည်ငြိမ်မှုအပေါ် သက်ရောက်မှု ခေါင်းစဉ်ဖြင့်ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။  

အဆိုပါဆွေးနွေးပွဲတွင် နယ်သာလန်နိုင်ငံဘုရင်မကြီး Her Majesty Queen Máxima Zorreguieta Cerruti၊ စင်ကာပူနိုင်ငံငွေကြေးအာဏာပိုင်အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Ravi Menonနှင့် အပြည်ပြည်ဆိုင်ရာငွေပေးချေမှုများဘဏ်၏ အထွေထွေမန်နေဂျာ Mr. Agustin Carstens တို့က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက ငွေရေးကြေးရေးဆိုင်ရာ နည်းပညာတိုးတက်မှု၏ ငွေကြေးနှင့်ငွေရေးကြေးရေးတည်ငြိမ်မှုအပေါ်  သက်ရောက်မှုနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံအသီးသီး၏ အတွေ့အကြုံများ၊ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် အဆိုပါစိန်ခေါ်မှုများအထူးသဖြင့် နည်းပညာနှင့်စပ်လျဉ်း၍ ဆုံးရှုံးနိုင်ခြေများ၊ ဆိုက်ဘာလုံခြုံမှုဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ခြင်းများနှင့် စပ်လျဉ်း၍ ဖြေရှင်းမည့်နည်းလမ်းများအား ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲ တွင် စင်ကာပူနိုင်ငံ၊ JW Marriott Hotel တွင်ကျင်းပသည့် (၅၅)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ဥက္ကဋ္ဌများ ညီလာခံ/အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် “A Data-Driven Economy”နှင့် “An Artificial Intelligence (AI)-driven Economy” ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသည့် ဗဟိုဘဏ် ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ကျင်းပသည့် (၃၉)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဥက္ကဋ္ဌများ၏ ဘုတ်အဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။ အဆိုပါ အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် အရှေ့တောင်အာရှ ဗဟိုဘဏ်များ အဖွဲ့၏ဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ခဲ့သည့် သီရိလင်္ကာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌDr. Indrajit Coomaraswamy က စင်ကာပူနိုင်ငံ ငွေကြေးအာဏာပိုင်အဖွဲ့ ဦးဆောင် ညွှန်ကြားရေးမှူး Mr. Ravi Menonသို့ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် လွှဲပြောင်းခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဋ္ဌများက အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့၏ ရှေ့ဆက် လက်ဆောင်ရွက်မည့် စီမံကိန်းများ၊ ၂၀၂၀ ပြည့်နှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများ၊ သုတေသန စာတမ်းများ၊ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)