မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံတော့မည်မဟုတ်ကြောင်း လူမင်းပြောကြား

၄  ဇူလိုင်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌအဖြစ် လေးနှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သူ အကယ်ဒမီ လူမင်းအနေဖြင့် ထပ်မံ၍ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံလိုခြင်း မရှိတော့ကြောင်းနှင့် နောက်ထပ် တက်ရောက် အရွေးခံမည့် ရုပ်ရှင်ဥက္ကဋ္ဌအနေဖြင့် လုပ်စရာရှိသည်များကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချ လုပ်ဆောင်တတ်သူ တစ်ဦးဖြစ်စေချင်ကြောင်း ပြောကြားသည်။

"ပြတ်ပြတ်သားသား လုပ်တတ်တဲ့ ဥက္ကဋ္ဌမျိုး တက်စေချင်တယ်။ အပြောင်းအလဲတစ်ခုအတွက် ဟိုတုန်းကလည်း ကြွေးကြော်ခဲ့ဖူးတယ်။ တကယ်တမ်း လုပ်ရတဲ့အခါမှာ လုပ်လို့မရတာနဲ့ လုပ်ဖို့ ခက်ခဲတဲ့အပိုင်းလေးတွေ အများကြီး ကြုံရတာရှိတယ်။ ဒီအရာတွေကို ကျော်လွှားပြီး အားလုံးထက်ပြတ်သားနိုင်တဲ့ ဥက္ကဋ္ဌမျိုးကို တက်စေချင်တယ်။ ထောက်ထားငဲ့ညှာစရာတွေ အလွန်များတာဆိုတော့ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား လုပ်တဲ့လူမျိုးကို တက်စေချင်တယ်။ အဲဒီလိုလူမျိုးကို ဝိုင်းပြီးတော့ အားပေးထောက်ခံစေချင်တယ်"ဟု ဥက္ကဋ္ဌသစ် မျှော်မှန်းချက်နှင့်ပတ်သက်၍ လူမင်းက ပြောသည်။

ထပ်မံရွေးချယ်ခံရန် အစီအစဉ်နှင့် ပတ်သက်၍လည်း လူမင်းက "ရုပ်ရှင်ဥက္ကဋ္ဌ ဝင်အရွေးခံဖို့ အစီအစဉ်တော့ မရှိပါဘူး။ ရုံးကဘုတ်တွေမှာကြည့်တော့ အစ်ကိုက လေးနှစ်တောင် လုပ်ခဲ့တာ။ တချို့ ဥက္ကဋ္ဌတွေဆို တစ်နှစ်၊ နှစ်နှစ်ပဲ လုပ်ခဲ့တာရှိတယ်။ အစ်ကိုလုပ်ခဲ့တဲ့ လေးနှစ်တာကာလက အစ်ကို တကယ်ကို မနားတမ်း ရုပ်ရှင်ကားတွေ ရိုက်နေရတဲ့အချိန်မှာ ကိုယ်ရိုက်ရမယ့် ရုပ်ရှင်ဇာတ်ကားတွေကိုလျှော့ပြီး၊ ဖျက်ပြီးတော့ စိတ်အားထက်သန်စွာနဲ့ လုပ်ခဲ့တာ။ အဲဒီလို စိတ်အားထက်သန်မှုမျိုး အခုလက်ရှိ အစ်ကို့စိတ်ထဲမှာ မရှိဘူး။ စိတ်အားမထက်သန်ဘဲနဲ့ မလုပ်ချင်တဲ့အတွက် အရွေးမခံတော့တာပါ။ ဥက္ကဋ္ဌလုပ်ရင် အမုန်းကတော့ ခံရမှာပဲ။ အစ်ကိုဆိုလည်း အရင်တုန်းကအကောင်း၊ ဥက္ကဋ္ဌလုပ်တော့မှ မုန်းသွားတဲ့ ထုတ်လုပ်သူတွေရော၊ မိတ်ဆွေတွေရော ရှိပါတယ်"ဟု ဆိုသည်။

ကိုလင်း