မြန်မာနိုင်ငံရှိ ရေမြေတောတောင်သဘာဝ အလှရှုခင်းများနှင့်  တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အဆက်မပြတ် ဝင်ရောက်လေ့လာလျက်ရှိ

တာချီလိတ် ၁၈ ဇန်နဝါရီ  


မြန်မာနိုင်ငံရှိ ရေမြေတောတောင်သဘာဝအလှရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာကြည့်ရှုခံစားနိုင်ရန်  တာချီလိတ်နယ်စပ် ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အဆက်မပြတ် ဝင်ရောက်လည်ပတ်လျက်ရှိရာ ဇန်နဝါရီလ ၄ ရက်နေ့မှ  ၁၇ ရက်နေ့ အထိ နေ့ချင်းပြန်၊ ညအိပ်ခရီးစဉ်နှင့် ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားများ အပါအဝင် စုစုပေါင်း ၄၉၇၃၁ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။        
                    

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဇန်နဝါရီ ၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ နိုင်ငံခြားသားခရီးသွားဧည့်သည်များ ဝင်ရောက်လျက်ရှိရာ တာချီလိတ်နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်တွင် ထိုင်းနိုင်ငံသား ၄၅၂၃၆ ဦး၊   တတိယနိုင်ငံသား (နိုင်ငံခြားသား)၄၆၆ဦး၊ မိုင်းဖြတ်မြို့နှင့်ကျိုင်းတုံမြို့ ခရီးစဉ်သို့  ထိုင်းနိုင်ငံသားအများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၈၀ဝ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ)နိုင်ငံသား အပါအဝင်  နိုင်ငံခြားသား  ကမ္ဘာလှည့် ခရီးသည် ၃၂၂၉ ဦး တို့ ဝင်ရောက်လည်ပတ်ခဲ့သည်။
        

အဆိုပါ ခရီးသွား ဧည့်သည်များသည် နေ့ချင်းပြန်ခရီးစဉ်တွင် တာချီလိတ်မြို့ရှိ  တာလော့ဈေး၊ ဘုရင့်နောင် ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ နှင့် နဂါးနှစ်ကောင်ကျောင်းတိုက်တို့ကို  သွားရောက် လည်ပတ်ကြသည်။  ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့ရှိ  မြတ်စွာဘုရားခြေတော်ရာစေတီ၊ သမိုင်းဝင်ဆုတောင်းပြည့် စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ပန်ကွဲတောင်ရှိ  ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရား၊ ရပ်တော်မူဘုရား၊ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ရေတံခွန်နှင့်  တိုင်းရင်းသားကျေးရွာ များအပြင်  ပြည်တွင်းပိုင်း ခရီးစဉ်အဖြစ် တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ် တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုးမြို့များမှတစ်ဆင့် အထင်ကရ နေရာဒေသများသို့   သွားရောက်လည်ပတ်၍ ဘုရားဖူးခြင်း၊ ရေမြေ တောတောင် သဘာဝအလှရှုခင်းများနှင့် တိုင်းရင်းသားများ၏  ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာကြသည်။    


တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၈၁၇၃၈၉ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံ ခရီးစဉ်အဖြစ် ခရီးသည် ၁၀၁၂၃ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်းပိုင်းခရီးစဉ်သို့ ၂၀ဝ၉၉ ဦး၊ စုစုပေါင်း ၈၄၇၆၁၁ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။


ဝေယံလင်း(ပြန်/ဆက်)