မြန်မာနိုင်ငံရှိ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ယခုနှစ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် မျှော်မှန်း

နေပြည်တော် ဇူလိုင် ၂၀

 

မြန်မာနိုင်ငံရှိ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ယခုနှစ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သိရသည်။

 

ယခုအခါ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအနေဖြင့်  လူဦးရေ၏ ၁ ဒသမ ၆ သန်းကျော် ကို ကာကွယ်ဆေး ထိုးနှံပေးထားပြီး ပြည်သူလူထုအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများကို လှူဒါန်းရရှိမှုများ၊ မှာယူမှုများဖြင့် အဆက်မပြတ် တင်သွင်းလျက်ရှိသည်။

 

ဇူလိုင် ၂၂ ရက်တွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၇ သိန်းခွဲ ရောက်ရှိမည်ဖြစ်ပြီး ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်လည်း ထပ်မံရောက်ရှိလာမည်ဖြစ်သည်။ ထို့ပြင် ဩဂုတ်လ ပထမအပတ်အတွင်း၌လည်း ကာကွယ်ဆေးများ ထပ်မံရရှိရန် စီစဉ်ဆောင်ရွက်ထားပြီး  ပုဂ္ဂလိက ကုမ္ပဏီများကိုလည်း ဆေးဝါးတင်သွင်းမှုနှင့် ပတ်သက်၍ ကန့်သတ်ချက် မထားရှိဘဲ ခွင့်ပြုပေးထားကြောင်း သိရသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုသည် ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်ပါက ရောဂါဖြစ်ပွားမှုသည် ၁၀ ရာခိုင်နှုန်းတိုးလာပြီး သေဆုံးမှုသည် ၃ ရာခိုင်နှုန်း တက်လာသည်ဟု ထုတ်ပြန်ထားသည်။

 

ကမ္ဘာတစ်ဝန်းတွင် ထိုသို့ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း တက်လာသော်လည်း ကာကွယ်ဆေးထိုးနှံမှုကို အင်ပြည့်အားပြည့် ဆောင်ရွက်ထားသည့် အမေရိကဒေသအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုသည် လျော့နည်းနေသည်ကို တွေ့ရှိရကြောင်း၊ ရောဂါဖြစ်ပွားမှု ၃  ရာခိုင်နှုန်းကျနေပြီး သေဆုံးမှုသည်  ၁ ရာခိုင်နှုန်း ကျဆင်းလာကြောင်း သိရသည်။

 

ထို့ပြင် ကာကွယ်ဆေးကို ၅၀ ရာခိုင်နှုန်းအထက် ထိုးနှံထားသည့် အီတလီ၊ ဂျာမနီ၊ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့တွင် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု ကျဆင်းနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

 

 မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံနိုင်မှုမှာ ၁  ရာခိုင်နှုန်း ဝန်းကျင်သာ ရှိသေးသည့်အတွက် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း  မြင့်တက်နေရခြင်းဖြစ်၍ ကာကွယ်ဆေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံနိုင်ရေးအတွက် ကြိုးစားနေကြောင်း  သိရ သည်။ 

 

ထက်လျှံ