မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၉၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၁၅ ဇန်နဝါရီ 

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၉၃) ရဲသူရတပ်ခွဲ၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး တက်ရောက်ခဲ့သည်။

 

1145

 

ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူပြီး သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးခဲ့ကြောင်း၊ ထို့နောက် ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုပြီး ရဲချုပ်က အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ဖြိုးဝေလ၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း အောင်မြတ်ကိုကို၊ ကွန်ပျူဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း သန်းနိုင်ဦး(၁)၊ အင်္ဂလိပ်ဘာသာရပ် ထူးချွန်ဆု ဒုတိယရဲအုပ်လောင်း တင်လေးနွယ်၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း သိမ့်အိမွန်တို့အားဆုများ  ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် ရဲချုပ်က အမှာစကားပြောကြားရာတွင် သင်တန်းဆင်း ဒုတိယရဲအုပ်လောင်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည့် အရာရှိများဖြစ်သောကြောင့် မိမိကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များအပေါ် မှန်ကန်စွာခေါင်းဆောင်၍ လက်အောက်က ယုံကြည်အားကိုးပြီး တစ်စိတ်တစ်ဝမ်းတည်း အားလုံးလိုက်ပါဆောင်ရွက်သော ခေါင်းဆောင်မှု မျိုးဖြစ်အောင် ကျင့်ကြံနေထိုင် လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း။

 

ခေါင်းဆောင်မှုအရည်အသွေး၊ စောင့်စည်းရမည့်ကျင့် ဝတ်သိက္ခာ၊ ထားရှိရမည့် ရည်မှန်းချက်များကို ကောင်းစွာသိရှိနားလည်ပြီး တပ်ဖွဲ့ဝင်များ၏ စုပေါင်းစွမ်းအားနှင့် စွမ်းရည်များကိုမိမိ၏ အရည်အသွေးနှင့် ပေါင်းစပ်ကာ ရည်မှန်းချက်တာဝန်(၄)ရပ်၊ လုပ်ငန်းတာဝန်(၆)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာအဆင့်မီ ရဲတပ်ဖွဲ့ဖြစ်လာအောင် အဖက်ဖက်က မြှင့်တင်ဆောင်ရွက်နေချိန်တွင် တပ်ဖွဲ့ဝင်တိုင်းမှလည်း ကိုယ်စီစွမ်းရည် ပြည့်ဝထက်မြက် နေစေရန်အတွက် လိုအပ်သည့်လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

အမျိုးသမီးရဲအရာရှိများ အနေဖြင့်လည်း တပ်ဖွဲ့/ဌာနအသီးသီး၌ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်းတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး ကဏ္ဍများတွင် အမျိုးသားရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရင်ဘောင်တန်းကာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

နည်းပညာ တိုးတက်လာသည့်အလျောက် မှုခင်းပုံစံအသစ်များ၊ အုပ်စုဖွဲ့အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကြောင့် ပြည်သူများ အကြားဖြစ်ပေါ်လာနိုင်သည့် ထိတ်လန့်ကြောက်ရွံ့မှုနှင့် ဘဝလုံခြုံမှုအတွက် ပြည်သူလူထု၏ အားကိုးမျှော်လင့်မှုများကို ပြည့်ဝကျေနပ်လောက်အောင် စနစ်တကျ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။

 

အနာဂတ်ကာလတွင် ပိုမိုခေတ်မီဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ပြည့်ဝသည့် ရဲတပ်ဖွဲ့ ဖြစ်လာစေရေး နိုင်ငံတော်အပိုင်းမှ ရုပ်ဝတ္ထုပံ့ပိုးမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးနေသကဲ့သို့ မိမိတို့ဘက်မှလည်း ခေတ်မီအတတ်ပညာ၊ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရေးနှင့် လုပ်ငန်းစွမ်းရည် မြင့်မားစေရေးတို့အတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးလေ့ကျင့်သွားကြရန်၊ ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီသည့် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲတပ်ဖွဲ့လုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုရရှိအောင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထား ဝန်ဆောင်မှုများပေးသွားရန်၊ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတော်အဆင့် အလေးအထား ကိုင်တွယ်ဖြေရှင်းနေသည့် ပြဿနာတစ်ရပ်လည်း ဖြစ်သောကြောင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများအား အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မှတ်ယူကာ ဆက်လက်အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

ရဲတပ်ဖွဲ့၏ ကောင်းမွန်သည့် လုပ်ငန်းသမားစဉ်များ၊ ကိုယ်စီတာဝန်များ၊ ကျင့်ဝတ်များနှင့်အညီ နေထိုင်လုပ်ကိုင်ကာ နိုင်ငံတော်နှင့် မိမိတပ်ဖွဲ့အတွက် ပေးအပ်သော တာဝန်ဝတ္တရားများအား ကျရာကဏ္ဍမှ ဦးလည်မသုန်ထမ်းဆောင်ပြီး ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း  မှာကြားသည်။

 

အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး၊ သင်တန်းဆင်း အရာရှိလောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း အရာရှိအမျိုးသား (၂၀၈)ဦး၊ အမျိုးသမီး (၁၁၃)ဦး စုစုပေါင်း(၃၂၁)ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)