မန္တလေး ၂၀ ဇန်နဝါရီ
မြန်မာနိုင်ငံ၌ မြေငလျင် လှုပ်ခတ်မှုများ သိသာစွာ မြင့်တက်လာသော်လည်း စိုးရိမ်စရာမရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီထံမှ သိရသည်။
ယခုလအတွင်းတွင် မြေငလျင်လှုပ်ခတ်မှုမှာ ၆ ကြိမ်ထိလှုပ်ခတ်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်နေ့တွင် တစ်ရက်တည်း နှစ်ကြိမ်ထိ လှုပ်ခတ်ခဲ့ကာ ငလျင်အင်အား ၃ ဒသမ ၉ အဆင့် ရှိခဲ့သည်။ ထို့ပြင် ဇန်နဝါရီ ၁၇ ရက်နေ့တွင်လည်း မိုးညှင်းမြို့၏ မြောက်ဘက်တွင် အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့သေးသည် ။
" ငလျင်တွေက စစ်ကိုင်းပြတ်ရွေ့ ကြောင့်ဖြစ်ဖို့များပါတယ်။ ဒီနှစ်ပိုင်းတွေမှာ မြန်မာနိုင်ငံအနောက်ပိုင်းနဲ့ အနောက် မြောက်ပိုင်းတွေမှာ ငလျင်လှုပ်ခတ်မှုတွေက ပိုများလာတာတွေ့ရပါတယ် ဒါပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး” ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောသည်။
နှစ်အလိုက် ငလျင်လှုပ်ခတ်မှု များအနေဖြင့် မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် စုစုပေါင်း ငလျင်၂၃ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် စုစုပေါင်းငလျင် ၃၈ ကြိမ်၊၂၀၁၇ ခုနှစ်တွင် စုစုပေါင်း ငလျင် ၆၅ ကြိမ်ထိ လှုပ်ခတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ငလျင်အကြိမ်ရေ ၁၅၉ ကြိမ်ထိ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ငလျင်တိုင်းတာရေးစနစ်ကိရိယာများ ပိုမိုတိုးတက် ကောင်းမွန်လာခြင်းကြောင့် မြန်မာနိုင်ငံအတွင်း၌ ငလျင်လှုပ်ခတ်သမျှ မှတ်တမ်းများကို ယခုလို မှတ်တမ်း တင်ထားနိုင်ကြောင်းသိရသည်။
သူရိန်လင်း