မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ၁၃  စက်တင်ဘာ

 

မြန်မာနိုင်ငံ လူကုန်ကူးမှုတို က်ဖျက်ရေးနေ့ အခမ်းအနားကို နေပြည်တော်ဟိုတယ် ဇုန်ရှိ သင်္ဂဟ ဟိုတယ်၌ ယနေ့နံနက်(၉) နာရီတွင်ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မိန့်ခွန်းပြောကြားသည်။

 

ဒုတိယသမ္မတက မြန်မာနိုင်ငံ အစိုးရအနေဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကိုပြဌာန်းခဲ့ပြီး ယင်းဥပဒေပါ ပြဌာန်းချက် နှင့်အညီ ၂၀ဝ၆ ခုနှစ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ပါ ကြောင်း၊ ထို့ပြင် လုပ်ငန်းအဖွဲ့(၃) ဖွဲ့ဖြစ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုခံရသူ များအား အကာအကွယ်ပေးရေးလုပ်ငန်းအဖွဲ့၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း။

 

၂၀ဝ၄ ခုနှစ်၊ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အဖွဲ့ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲတိုးချဲ့ဖွဲ့စည်းခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် (၅) နှစ်စီမံကိ်န်းကို ၂၀ဝ၇ ခုနှစ်မှစ၍ ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်မှာ ယခုနှစ်သည်(၂၀၁၂-၂၀၁၆)ခုနှစ် အမျိုးသားအဆင့် ဒုတိယ (၅)နှစ်စီမံကိန်း၏ ပဉ္စမနှစ်လည်းဖြစ်ကြောင်း။ ၂၀၁၆ ခုနှစ်သည် ဒုတိယနှစ် စီမံကိန်း၏ နောက်ဆုံးနှစ်ဖြစ်သည့် အတွက်တတိယ(၅) နှစ်စီမံကိန်းရေးဆွဲသွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့ပြင် အမေရိကန်နိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ၂၀၁၆ခုနှစ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီရင်ခံစာတွင် မြန်မာနိုင်ငံကို စောင့်ကြည့် အဆင့်(၂) မှ အဆင့်(၃)သို့ လျော့ချသတ်မှတ်ခဲ့ကြောင်း၊ ယင်းအစီရင်ခံစာပါ အကြံပြုချက်များကို လာမည့် တတိယ(၅)နှစ်စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ နှစ်အလိုက်ချမှတ်ထားသည့် လုပ်ငန်းစီမံချက်များကို ကဏ္ဍ(၅)ရပ် ထည့်သွင်း ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 

မူဝါဒနှင့်ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွင် မြန်မာရေလုပ်သားများ နိုင်ငံရပ်ခြား တွင် ခေါင်းပုံဖြတ်ခံရမှုများ ပပျောက်စေရန် မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-အင်ဒိုနီးရှား ဆက်စပ်(၄)နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လျက်ရှိကြောင်း။

 

ကြိုတင်တားဆီးကာကွယ်ရေးကဏ္ဍတွင် လက်နက်ကိုင် ပဋိပက္ခနယ်မြေများမှ စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းများ၊ ပြည်တွင်းရွှေ့ပြောင်း သွားလာလုပ်ကိုင်နေသူ များ၏နေရာများ၊ သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့်နေ ရာများ၊ အထူးသဖြင့် ရေဘေးသင့်ဒေသများတွင် UN,INGO,NGO တို့နှင့်ပူးပေါင်းပြီး အသိပညာပေးရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း။

 

တရားစွဲ ဆိုရေးကဏ္ဍတွင် လက်ရှိတည်ဆဲ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးမှုခင်း၏ သဘောသဘာဝသည် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်သည့်အတွက် ပြစ်မှုဆိုင်ရာကိစ္စရပ် များတွင် နိုင်ငံအချင်းချင်း အပြန်အလှန် အကူအညီပေးရေးကဏ္ဍ ပိုမိုတိုးတက်စေရန် လိုအပ်မည်ဖြစ်ကြောင်း။

 

လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ဒေသတွင်း နိ်ုင်ငံများ အထူးသဖြင့် တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံများမှ လူကုန်ကူးခံရသူများကို သက်ဆိုင်ရာနိုင်ငံများရှိ သံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကြောင့် ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး မိဘရပ်ထံသို့ ပြန်လည် ပေါင်းစည်း ပေးနိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာသံရုံးများ၏ ပံ့ပိုးမှုဖြင့် ရေလုပ်သားများရသင့်ရထိုက် သည့် ခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

 

စွမ်းရည်မြှင့်တင်ရေးကဏ္ဍအနေဖြင့် ကူကုန်ကူးခံရသူများ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရေး၊ လူကုန်ကူးခံရသူအား အလေးထားသည့် စုံစမ်းစစ်ဆေးရေး အရည်အသွေးများ မြင့်မားစေရန် ပြည်ပသင် တန်းများစေလွှတ်ခြင်း၊ အလုပ်ရုံဆွေးနွေး ပွဲများတက်ရောက်စေခြင်း၊ ပြည်တွင်းတွင်လည်း အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်းများ ပြုလုပ်ပေးခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် နယ်မြေရဲများအတွက် ပူးပေါင်း ဆောင်ရွက်ရေးလမ်းညွှန် ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက် နိုင်ခဲ့ပါကြောင်း ပြောကြားသည်။

 

ထို့နောက် UNICEF Myanmar မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အကြီးအကဲ Mr.Aaron Greenberg က မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်း များနှင့်ပတ်သတ်၍ အမှာစကားပြောကြားပြီး International Organization for Migration (Myanmar) မှ Chief of Mission Mr.Kieran German-Best က လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ကြိုးပမ်း အားထုတ်မှုများအား မှတ်တမ်းတင်ထားသည့် ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့်တက်ရောက်လာကြသူ များက ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်း မှတ်တမ်း ဓာတ်ပုံများအားကြည့်ရှုကြသည်။

 

ယခု၂၀၁၆ခုနှစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “လူကုန်ကူးမှု တိုက်ဖျက်ရေး သင်လည်းပူးပေါင်း ပါဝင်ပေး“ ဖြစ်သည်။

 

mdn