မြန်မာနိုင်ငံလူ့အခွင်‌့အရေးဆိုင်ရာ အစီရင်ခံစာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှစ်ရပ် အစည်းအ‌ဝေး ကျင်းပ

နေပြည်တော် ၃  ဇန်နဝါရီ

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ အကြံပြုချက်များအား အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှစ်ရပ်ဖြစ်သော ကျား/မတန်းတူ ရည်တူရှိမှု မြှင့်တင်ရေး ထိခိုက်ခံစား လွယ်အုပ်စုများ ကာကွယ်ရေးလုပ်ငန်း ကော်မတီနှင့် ခွဲခြားမှုမပြုရေးလုပ်ငန်းကော်မတီ အစည်းအ‌ဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ (Universal Periodic Review – UPR) အကြံပြုချက်တိုက်တွန်းချက်များ  အကောင်အထည်ဖော် ဆောင်ရွက် ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအ‌ဝေးကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၂၆) ရက်တွင် ကျင်းပခဲ့ပါကြောင်း၊  UPR ဆိုသည်မှာ ကမ္ဘာ့နိုင်ငံ အားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ် သည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် လူ့အခွင့်အရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နောက်ကျကျန်ခဲ့မှု မရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ အစည်းအ‌ဝေးတွင် လူ့အခွင့်အရေး ဆိုင်ရာ အကောင်အထည်ဖော်မှုများကို ဆွေးနွေးရာတွင် နိုင်ငံအလိုက် အကောင်အထည်ဖော်ရမည့် အကြံပြုချက်များလက်ခံရရှိပါကြောင်း။ 

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၉၃) နိုင်ငံမှ အကြံပြု တိုက်တွန်းချက် များအနက် မိမိတို့နိုင်ငံက အကြံပြုချက်(၁၆၆)ရပ်ကို လက်ခံခဲ့ပြီး ကဏ္ဍ(၁၂) ရပ်ခွဲ၍ လုပ်ငန်းကော်မတီ (၁၂)ခု ဖွဲ့စည်းထား ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်  ကျား/မ တန်းတူရည်တူရှိမှု မြှင့်တင်ရေးနှင့် ထိခိုက်ခံစား လွယ်သောအုပ်စုများ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ခွဲခြားမှု မပြုရေးဆိုင်ရာလုပ်ငန်း ကော်မတီနှစ်ရပ်ကို ဦးဆောင်ကာ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကော်မတီနှစ်ရပ်စလုံးတွင် အကြံပြုချက် (၁၅) ချက်စီ ပါဝင်ပါကြောင်း၊ အဆိုပါ အကြံပြုတိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့် အရေးဆိုင်ရာ အစီရင်ခံစာကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် တတိယ အကြိမ် တင်သွင်းရမည်ဖြစ်ပါကြောင်း။
လူတိုင်းအခြေခံ လူ့အခွင်‌့အရေးများရရှိပြီး တရားဥပဒေစိုးမိုးမှု ခံစားရရှိ စေရန် သက်ဆိုင်ရာ ကဏ္ဏများအလိုက် တာဝန်ရှိသော ဝန်ကြီးဌာန၊ ဌာန ဆိုင်ရာများသည် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များနှင်‌့ ပူးပေါင်းဆောင်ရွက်ပြီး ကုလသမဂ္ဂ၏ လူ့အခွင်‌့အရေးဆိုင်ရာ အစီရင် ခံစာ အကြံပြုချက်များ အကောင်အထည်ဖော်မှုမှတ်တမ်းများကို စနစ်တကျ ပြည့်စုံစွာ တင်ပြနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြား သည်။ 

ထို့နောက် တက်ရောက်လာသော သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီများဖြစ်သော အမျိုးသမီးများ အရေးကို  တက်ကြွစွာ လှုပ်ရှားဆောင်ရွက် လျက်ရှိသည့် အဖွဲ့အစည်း(၇)ဖွဲ့ တို့က မိမိ တို့ဌာန/အဖွဲ့အစည်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ဆွေးနွေးကြသည်။ 

(သတင်းစဉ်)