မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) အစည်းအဝေး(၃/၂၀၁၈) ကျင်းပ

နေပြည်တော် ၉ မေ

 

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) အစည်းအဝေး(၃/၂၀၁၈) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်း အဝေးခန်းမဆောင်၌ ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဝိုင်းဝန်းကူညီဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ယခုအစည်းအဝေးကို ခေါ်ယူခြင်းဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအား နိုင်ငံခြားခရီးစဉ် ဖိတ်ကြားမှုများတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်တို့အနေဖြင့် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ သွားရောက်ရပါကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ပါက သက်ဆိုင်ရာ လွှတ်တော်များသို့ အသိပေးစေလိုကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဖွဲ့စည်းခြင်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို လွှမ်းမိုးရန်အတွက်မဟုတ်ဘဲ အခက်အခဲရှိပါက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီ ခွန်မြတ်က ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၏ လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထားမှုများတွင် လက်တွေ့ဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများအပေါ် မူတည်၍ ပြန်လည်ပြင်ဆင်ရန်ဆ ောင်ရွက်နေပါကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် ကွဲပြားခြားနားဆောင်ရွက်မှုများ မရှိ​စေရန် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများအနေဖြင့် ညှိညှိနှိုင်းနှိုင်း ပြန်လည်သုံးသပ် ဆောင်ရွက် သွားရန် မိမိအနေဖြင့် အကြံပြုလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အချင်းချင်း အပြန် အလှန် ထိန်းကျောင်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ကြားသိနေရပါကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများတွင် အပြန်အလှန်ထိန်းကျောင်းမှုစနစ် Check and Balance သည် ရှိနေရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်  ဝေဖန်ခြင်းထက် အားနည်းချက်ကို ထောက်ပြခြင်း၊ တည့်မတ်ပေးခြင်းနှင့် တိုက်တွန်းခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်အပိုင်းက ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြမည်ဆိုပါက နောင်မဝေးသည့် အချိန်ကာလတွင် မိမိတို့လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်း၊ အချင်းချင်းအပြန်အလှန် ထိန်းကျောင်းရမည့်လုပ်ငန်း၊ ပြည်သူ့ကိုယ်စားပြုလုပ်ငန်းများသည် ယခုထက် ပိုမိုအောင်မြင်လာမည် ဖြစ်ပါ ကြောင်းနှင့် ရင်းနှီးပွင့်လင်းစွာ အပြုသဘောဆွေးနွေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်က မြန်မာနိုင်ငံ လွှတ်တော် အဖွဲ့အစည်းအဝေး(၂/၂၀၁၈) ဆုံးဖြတ်ချက်များ အပါအဝင် လွှတ်တော်ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။       

 

ထို့နောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်း အောင်(ခ)ဦးထွန်းထွန်းဟိန်က လွှတ်တော်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လွှတ်တော် အတွင်းဖြစ်စေ၊ လွှတ်တော်အချင်းချင်းဖြစ်စေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ လွှတ်တော်များသည် ပြည်သူလူထုအကျိုး သယ်ပိုးရန်ဖြစ်ပါကြောင်းနှင့် လွှတ်တော်ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

 

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ရုံးအဖွဲ့မှူး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက လွှတ်တော်သုံးရပ်ရှိ နည်းဥပဒေများကို လက်တွေ့ဆောင်ရွက်နေမှု အခြေအနေများနှင့် ကိုက်ညီမှုရှိစေရန် ပြန်လည်ရေးဆွဲလျက်ရှိပါကြောင်း၊ အလားတူ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ၏ နည်းဥပဒေများ ပြင်ဆင်ဖြည့်စွက်ရေးဆွဲရန် လျာထားကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များ၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများက လွှတ်တော်ဆိုင်ရာကိစ္စရပ်များနှင့် လွှတ်တော်အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့က သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ၁၃ ဦး၊ ဒုတိယဥက္ကဋ္ဌ တစ်ဦးနှင့် လွှတ်တော်ရုံးအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)